A d v e r t i s e m e n t With Us

ဝန်ကြီးချုပ် အမ်မရမ်ခန်း ဦးဆောင်သည့် ပါကစ္စတန်အစိုးရကို ပြည်သူများ ယုံကြည်မှု ပျက်ပြား

ဓာတ်ပုံ - EPA
ပါကစ္စတန်နိုင်ငံမှာ ၅ နှစ်ကျော် ကာလအတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး နိုင်ငံသားတွေဟာ သူတို့တင်မြှောက်ထားတဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု ပျက်ပြားနေပါတယ်။ ဝန်ကြီးချုပ် အမ်မရမ်ခန်း ဦးဆောင်တဲ့ ပါကစ္စတန်အစိုးရဟာ မဲဆွယ်စဉ်ကာလက ဆင်းရဲမှု တိုက်ဖျက်မယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ အေးချမ်းသာယာဝပြောတဲ့ အစ္စလာမ္မစ်နိုင်ငံ ထူထောင်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ မနှစ်တုန်းက အာဏာရခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ ပါကစ္စတန်ပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲ ခံနေရပြီး မခံမရပ်နိုင်သူ တချို့ကတော့ လမ်းပေါ်ထွက် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေကြပါတယ်။ “ဒီအစိုးရကတော့ ငါတို့အတွက် တခုခုလုပ်ပေးတော့မှာပဲဆိုပြီး ကျနော်တို့ အများကြီး မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် သူတို့လည်း အရင်အစိုးရတွေအတိုင်း လမ်းဟောင်းကြီးလိုက်ပြီး ပြည်သူတွေ ချွတ်ခြုံကျအောင် လုပ်တာပဲ။ ဒီလိုသာ ဓာတ်ဆီဈေးတက်နေရင် ကျနော်တို့ လုံးပါးပါးမှာပဲ။ ဘာလို့လဲဆိုတော့ ဆီဈေးတက်ရင် တခြားကုန်ဈေးနှုန်းတွေလည်း လိုက်တက်မှာပဲလေ” လို့ ကရာချိဒေသခံ မိုဟာမက်ဆစ်ဒီက ပြောပါတယ်။ စားသုံးသူအများစုအတွက် ထိရှလွယ်ဆုံး အရာနှစ်ခုဖြစ်တဲ့ အစားအစာနဲ့ စွမ်းအင်ကဏ္ဍမှာ ဈေးနှုန်းကြီးမြင့်တာနဲ့အတူ မတ်လက ငွေကြေးဖောင်းပွနှုန်းဟာ ၉ ဒသမ ၄ ရာခိုင်နှုန်း ကျော်လွန်ခဲ့ပြီး ၂၀၁၃ နိုဝင်ဘာနောက်ပိုင်း အမြင့်ဆုံးရောက်ခဲ့ပါတယ်။ စီးပွားရေးပညာရှင် ဆာအက်ဟက်ရှ်မီက “ငွေကြေးဖောင်းပွတဲ့ အလားအလာက ဒီ စွမ်းအင်ဈေးနှုန်းတွေကို အစိုးရက ဘယ်လောက်အတိုင်းအတာအထိ ချိန်ညှိမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီကွာဟချက်ကို ပိတ်ဆို့ဖို့လိုတဲ့ အတိုင်းအတာအထိ သူတို့က တင်းပြည့်ကျပ်ပြည့် လုပ်မယ်ဆိုရင် လအနည်းငယ်အတွင်း ကျန်ဈေးနှုန်း တက်တာဟာ ၁၀ ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်းအကြား ရှိပါလိမ့်မယ်။ တခြားနည်းလမ်း တခုကတော့ အစိုးရအနေနဲ့ ရေခွန်၊ မီးခွန်လို အခွန်အခတွေကို ဖြည်းဖြည်းချင်း တိုးသွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒါဆိုရင် ဂဏန်းနှစ်လုံး ငွေကြေးဖောင်းပွတာကို ကျေန်ာတို့ မြင်တွေ့ရမှာပါ” လို့ ပြောပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ပါကစ္စတန်အနေနဲ့ အသုံးစရိတ် လျှော့ချပြီး ဈေးနှုန်းတွေ တိုးမြှင့်တာကလွဲလို့ တခြားနည်းလမ်း မရှိဘူးလို့ ယုံကြည်ပေမယ့် စားသုံးသူတွေရဲ့ သည်းခံနိုင်စွမ်းကတော့ ကုန်ခန်းလာပြီ ဖြစ်ပါတယ်။ “အမ်မရမ်ခန်းက အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ ဆင်းရဲမှု တိုက်ဖျက်ပေးမယ် ဘာမယ် ညာမယ်ဆိုပြီး အကြီးကြီးတွေ ပြောထားတယ်။ ဒါပေမယ့် သူက ဆင်းရဲမှု တိုက်ဖျက်နေတာ မဟုတ်ဘူး။ ဆင်းရဲသားတွေကို တိုက်ဖျက်နေတာ” လို့ တက္ကစီဒရိုင်ဘာ ယာဆာဆူလ်တန်က ပြောပါတယ်။ ဧပြီ ၁ ရက်နေ့က အာဏာပိုင်တွေဟာ ဓာတ်ဆီဈေး ၁ လီတာကို ၆ ရူပီးကနေ ၁၀၀ ရူပီးနီးပါး ဈေးမြှင့်လိုက်တဲ့အတွက် တနေ့ကို လုပ်ခ ရူပီး ၁၀၀၀ နဲ့ ၁၃၀၀ ကြားရတဲ့ ကျွမ်းကျင်လုပ်သားတွေနဲ့ ရူပီး ၆၀၀ နဲ့ ၈၀၀ အကြားရတဲ့ လက်လုပ်လက်စားတွေအတွက် ရင်ဝလှံစူးတဲ့ အဖြစ်မျိုး ကြုံတွေ့နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up