Home
မြန်မာသတင်း
သဘာဝဘေးကြောင့် ပျက်စီးသီးနှံများအတွက် ၀မ်းတွင်းတောင်သူများကို ပံ့ပိုးငွေ ပေးအပ်
DVB
·
April 5, 2019
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ သီးနှံတွေအတွက် တောင်သူတွေအား ပံ့ပိုးငွေ သိန်း ၁၀၀ ကျော် ပေးအပ်ပွဲကို အုပ်ချုပ်ရေးမှူးရုံးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ စိုက်ပျိုးရေးဌာန မန်နေဂျာ ဒေါ်ရီရီမွန်က "သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ သီးနှံတွေအတွက် တောင်သူတွေကို ပံ့ပိုးပေးတာ အခုအကြိမ်ရောဆို တတိယအကြိမ်မြောက် ပေးခြင်းပါ။ ပထမအကြိမ်က မျိုးစပါး ပံ့ပိုးပေးတယ်၊ ဒုတိယအကြိမ်က ကွန်ပေါင်းဓာတ်မြေသြဇာ ပံ့ပိုးပေးတယ်၊ အခုတတိယအကြိမ်ကတော့ ငွေကြေး ပံ့ပိုးပေးတာပါ။ နွေနှမ်း၊ မိုးနှမ်း၊ မိုးငရုပ် နွေပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ ဆိုပြီး သီးနှံ ၅ မျိုးအတွက် ပေးပါတယ်။ သီးနှံတွေစိုက်ထားတဲ့ အချိန်ကာလပေါ် မူတည်ပြီး ပံ့ပိုးငွေ တွက်ချက်ပေးတာပါ။ နွေနှမ်းဆိုရင် အသီးသီးချိန်ရောက်ပြီမို့ ပျက်စီး ၁ ဧကကို ၅ သောင်း ပေးပါတယ်။ မိုးငရုပ်နဲ့ဝါကတော့ ပန်းပွင့်ချိန်မို့ ၁ ဧကကို ၁ သောင်း၊ မိုးနှမ်း၊ ပဲတီစိမ်းက အပင်ကြီးချိန်မို့ ၁ ဧကကို ၅ ထောင်ပဲရပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း မိုးရွာတာများပြီး သီးနှံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။ တမြို့နယ်လုံးက ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ တောင်သူ ၆၃၅ ဦးရဲ့ စိုက်ပျိုးဧက ၉၆၇ ဧက ပျက်စီးခဲ့ပါတယ်။ တောင်သူ ကိုထွေးမောင်က "အခုလို တောင်သူတွေကို ဂရုတစိုက် ပံ့ပိုးပေးတာဟာ ပထမဆုံး အတွေ့အကြုံပါပဲ။ အခုရတာနဲ့ဆို ၃ကြိမ် ရှိပါပြီ။ တစိတ်တပိုင်းတော့ အထောက်အကူ ဖြစ်တာပေါ့" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ၂၀၁၈ ခုနှစ် ဇွန်လက သဘာဝဘေးကြောင့် သီးနှံဧက ၉၆၇ ဧက ပျက်စီးရာ ကာလတန်ဖိုး သိန်း ၁ ထောင်ကျော် ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ပံ့ပိုးငွေပေးအပ်တဲ့ အခမ်းအနားကို တောင်သူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး မလာရောက်နိုင်တဲ့ တောင်သူတွေအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကိုယ်စားလက်ခံ ရယူခဲ့ကြပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024