A d v e r t i s e m e n t With Us

တရုတ်နယ်စပ်အနီးရှိ ဆမ်ဂျီယွန်မြို့သို့ ကင်ဂျုံအန်း သွားရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံမြောက်ပိုင်းက ဆမ်ဂျီယွန်မြို့ကို သွားခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံသတင်းဌာန (ကေအာတီ) က ဧပြီ ၄ ရက်နေ့မှာ ပြောပါတယ်။ ဆမ်ဂျီယွန်မြို့ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်နားမှာရှိပြီး ကွယ်လွန်သူ ကင်ဂျုံအန်းဖခင်ရဲ့ မွေးရပ်မြေအဖြစ် လူသိများပါတယ်။ ကင်ဂျုံအန်းဟာ အစိုးရ တာဝန်ရှိသူတွေနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေနဲ့ စက်ရုံတွေကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကေအာတီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နေ့က သွားခဲ့တယ်ဆိုတဲ့ ရက်စွဲအတိအကျကိုတော့ မပြောခဲ့ပါဘူး။ ကင်ဂျုံအန်းဟာ တောင်ကိုရီးယားနဲ့ ထိပ်သီးတွေ့ဆုံပွဲလိုမျိုး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင် ဆမ်ဂျီယွန်မြို့ကို သွားလေ့ရှိပါတယ်။ အဲဒါကြောင့် သူ့အနေနဲ့ မကြာခင် အရေးကြီးတဲ့ ကြေညာချက်တခု ထုတ်ပြန်နိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းနေကြတဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံပိုင်မီဒီယာ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။ ကင်ဂျုံအန်းဟာ နျူကလီးယား ဆွေးနွေးပွဲတွေအပေါ် သူ့ရဲ့သဘောထားနဲ့ မြောက်ကိုရီးယားရဲ့ နောက်ထပ်ခြေလှမ်းတွေကို မကြာခင် ဆုံးဖြတ်သွားမယ်လို့ မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟီးက ပြည်ပသံတမန်တွေနဲ့ သတင်းထောက်တွေကို မတ်လက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up