A d v e r t i s e m e n t With Us

မြန်မာ့စပါးအုံး နီကိုလာ ယခုနှစ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ထိုးသတ်မည်

မြန်မာ့စပါးအုံးလို့ အမည်ပေးထားတဲ့ ဗြိတိန်နိုင်ငံသူ နီကိုလာဟာ အခုနှစ်အတွင်း ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲတွေမှာ ပါဝင်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိ ကစ်ဘောင်ဆင်မယ် နီကိုလာဟာ ပြီးခဲတဲ့လပိုင်းက WLC ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုနှစ်အတွင်းမှာ အနည်းဆုံးတပွဲ ပါဝင်ထိုးသတ်မယ်လို့ ပွဲစီစဉ်တဲ့ မြန်မာလက်ခမောင်းမီဒီယာ တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာလက်ခမောင်းရဲ့ မီဒီယာအရာရှိ ကိုအောင်သူက “ပြည်တွင်းမှာ သူ့ဝိတ်တန်း အမျိုးသမီးဖိုက်တာ မရှိတာကြောင့် နိုင်ငံခြားသူတယောက်နဲ့ပဲ စီစဉ်ဖြစ်မှာပါ။ သူ့ကိုချုပ်ဆိုထားတဲ့ စာချုပ်က နှစ်ကာလကတော့ ကစားသမားသက်တမ်းတလျှောက်ပါ။ WLC ဘက်က တနှစ်တပွဲ ထည့်ပေးရင် contract သက်တမ်းက အလိုအလျောက် ထပ်တိုးပါမယ်” လို့ ပြောပါတယ်။ မြန်မာ့စပါးအုံး နီကိုလာဟာ ကြိုးဝိုင်းထဲမှာ မြန်မာနိုင်ငံအလံကို လွှမ်းခြုံကာ အောင်ပွဲခံလေ့ရှိပြီး သူ့ရဲ့မိခင်က မြန်မာပြည်မှာ မွေးခဲ့တာကြောင့် အဲဒီလို အောင်ပွဲခံခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ပြောကြားထားပါတယ်။ “မြန်မာအလံကို လွှင့်ထူပြီး ကြိုးဝိုင်းထဲဝင်တဲ့အကြောင်း တခုကတော့ ကျမရဲ့ မျိုးရိုးစဉ်ဆက်ကြောင့်က တကြောင်း ဖြစ်ပါတယ်။ အမေက မြန်မာနိုင်ငံမှာ မွေးတယ်၊ ကျမရဲ့ အဘိုး အဘွားတွေကလည်း မြန်မာနိုင်ငံမှာ မွေးတာပါ။ ကျမကလည်း ကိုယ့်အမိမြေက မြန်မာဆိုတာကို ဂုဏ်ယူတယ်၊ နောက်တခုက ကျမရဲ့ ပြိုင်ပွဲဝင်နာမည်ကို မြန်မာ့စပါးအုံး Burmese Python ဆိုပြီး နည်းပြက ပေးထားပါတယ်။ Python ဆိုတဲ့ စပါးအုံးမြွေက အားမာန်တက်ကြွ ဖျတ်လတ်တယ်၊ ကြံ့ခိုင်တယ်။ ဆိုတော့ ဒီနာမည်ကို ကြိုက်တယ်။ ဒီနာမည်က ကျမရဲ့ထိုးသတ်ပုံ စတိုင်ကို ကိုယ်စားပြုသလို ကျမအမေရဲ့ ဇာတိ ဇာစ်မြစ်ကိုလည်း ပြသရာ ရောက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး မြန်မာအလံကို လွှင့်ထူရတာ ဂုဏ်ယူပါတယ်။ ကျမက အင်္ဂလန်မှာ မွေးတာပါ။ ဒီတော့ British ဖြစ်ပါတယ်။ ဒါပေမယ့် မူရင်း မျိုးရိုးဇာစ်မြစ်က မြန်မာဆိုတော့ ကျမရဲ့ မျိုးရိုးစဉ်ဆက်ကို မြန်မာလို့ပဲ ခံယူထားပါတယ်။ ဒါပေမယ့် မြန်မာစကားတော့ မတတ်ပါဘူး” လို့ နီကိုလာက ပြောပါတယ်။ နီကိုလာဟာ သူ့ရဲ့ ကစားသမားဘဝကို EM Legend မှာ ပွဲဦးစထွက်ခဲ့ပြီး ပွဲ ၂၀ ကျော် အတွေ့အကြုံရှိတဲ့ ပြိုင်ဘက် တရုတ်ကစားသမားကို အနိုင်ရခဲ့ပါတယ်။ နွေရာသီမှာတော့ SFS VI ပြိုင်ပွဲရဲ့ အမျိုးသမီး ၄ ယောက်ပွဲစဉ်ရဲ့ ဗိုလ်လုပွဲမှာ ကလဲရာမာရီးကလီမန့်စ်ကို အနိုင်ရကာ WKO British ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ နီကိုလာအနေနဲ့ မွေထိုင်းနဲ့ ကစ်ဘောင်ဆင် ၉ ပွဲ ထိုးသတ်ဖူးပြီး ၈ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန် K-1 ချန်ပီယံနဲ့ တိုက်ကွမ်ဒို ချန်ပီယံဆုတွေလည်း ရရှိထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up