ဘုရင်ဘိသက်ခံပွဲကြောင့် ဘန်ကောက်နေရာအချို့တွင် သင်္ကြန်ပွဲ မကျင်းပ

ဒီနှစ် ဘန်ကောက်သင်္ကြန်ပွဲတော်ဟာ ဒဿမမြောက်ထိုင်းဘုရင်ကြီး နန်းဆက်ခံခြင်း ဘိသက်ခံအခမ်းအနားနဲ့ နီးကပ်နေတဲ့အတွက် နေရာအချို့က သင်္ကြန်ပွဲတွေ ယာယီပိတ်ထားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည် အများစုလာရောက်ရေကစားကြတဲ့ ဘန်ကောက်မြို့ လယ်ခေါင် ဖရနခွန်းနယ်မြေရှိ ထနွန်ခေါက်ဆန်လမ်းက သင်္ကြန်ပွဲကို ကျင်းပမှာမဟုတ်ဘူးလို့ ခေါက်ဆန်လမ်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  နိုင်းပီယပုတ် ဂျီရမိုနိုက်ကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ ထနွန်ခေါက်ဆန်လမ်းနဲ့တကွ ရတနာကိုးဆင့်အမည်ရ နန်းတော်ပုရ၀ုဏ် (မြဘုရား အပါအ၀င်) နယ်မြေတွေဟာ  ဘိသက်ခံပွဲအခမ်းအနားကျင်းပရာ၊ ဘုရင်တိုင်းခန်းလှည့်လည်မ ယ့်နေရာတွေ ဖြစ်တဲ့အတွက် ခန်းနားကြီးကျယ်အောင် ကြိုတင်ပြင်ဆင်ရမှာမို့  အဲဒီနေရာတ၀ိုက် ရေကစားပွဲကို ယာယီပိတ်ထားရတာလို့ နိုင်းပီယပုတ်က ဆိုပါတယ်။ အခြားနေရာတွေမှာတော့ ပုံမှန်ရေကစားနိုင်ကြောင်း၊ ထိုင်းသင်္ကြန်ပွဲတော်ကို ဧပြီ ၁၂ ရက်မှ ၁၅ ရက်နေ့ထိ သတ်မှတ်ထားပေမယ့် ဘန်ကောက်မှာတော့ ဧပြီလ ၁၂ ရက်မှ ၁၄ ရက်နေ့ထိသာ သတ်မှတ်ကြောင်း၊  ဧပြီ ၁၂ ရက်နေ့မှာ အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ပွားတော်ကို ဆနမ်လုံပြည်သူ့ရင်ပြင်သို့ ပင့်ဆောင်အပူဇော်ခံ၊ ရေသပ္ပါယ်ခံမှာဖြစ်တဲ့အတွက် ခေါက်ဆန်လမ်းတလျှောက်ကနေ ဖူးမြော်ကြည်ညိုနိုင်တယ်လို့ ဆိုပါတယ်။ ထနွန်ခေါက်ဆန်လမ်းက သင်္ကြန်ပွဲတော်ကို မဏ္ဍာပ်တွေထိုးပြီး နှစ်စဉ်ကျင်းပလာတာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒဿမမြောက် ထိုင်းဘုရင် ဘိသက်ခံ အခမ်းအနားကို လာမယ့် မေလဆန်းမှာမှ ကျင်းပ မယ်ဆိုပေမယ့် ကြိုတင်ပြင်ဆင်တာတွေကို အခုကတည်းက ဆောင်ရွက်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up