စစ်ပွဲအကြမ်းဖက်မှုများကြားမှ ကာ့ဒ်အမျိုးသမီးများအကြောင်းရုပ်ရှင်-Girls of the Sun (နမူနာ)

1.6K
ပြင်သစ်အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Eva Husson ရိုက်ကူးတဲ့ စစ်ပွဲနောက်ခံ ဒရာ မာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Girls of the Sun ရုပ်ရှင်ကို လာမယ့် ဧပြီ ၁၂ ရက်နေ့ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ ပြီးခဲ့တဲ့နှစ် မေလတုန်းက ကိန်းရုပ်ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ပြီး အမြင့်ဆုံးဆု တဆုဖြစ်တဲ့ Palme d’Or ဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
အီရတ်၊ တူရကီ၊ ဆီးရီးယားစတဲ့ ဒေသတွေတွင်း ကာလရှည်ကြာဖြစ်နေခဲ့တဲ့ အကြမ်းဖက်အစွန်းရောက်အုပ်စုတွေရဲ့ နယ်မြေလုပွဲတွေ၊ လူမျိုးရေး တင်းမာမှုတွေကြားက အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်း ထင်ရှားမြင်သာအောင် ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ကာ့ဒ်အမျိုးသမီး တိုက်ခိုက်ရေးသမားတွေက လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်ခံရမှုတွေ၊ သတ်ဖြတ်ခံနေရတဲ့ကြားက အစွန်းရောက်တွေဆီက သူတို့မြို့ကလေးကို ပြန်လည်ရယူဖို့ ကြိုးစားခဲ့ကြတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ကာဒစ်ရှ်၊ ပြင်သစ်၊ အာရဗီ၊ အင်္ဂလိပ်စတဲ့ ဘာသာစကားတွေကို အသုံးပြုထားပြီး အီရန်အဆိုတော် သရုပ်ဆောင်မင်းသမီး Golshifteh Farahani က အဓိကဇာတ်ဆောင်နေရာမှာ ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၁၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။