ရုရှားထံမှ လေကြောင်းကာကွယ်ရေးစနစ်မဝယ်ရန် တူရကီကို အမေရိကန် သတိပေး
ရုရှားဆီကနေ S-400 လေကြောင်းကာကွယ်ရေးစနစ် မ၀ယ်ယူဖို့ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က တူရကီကို ဧပြီ ၃ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ဝါရှင်တန်မှာ ပြုလုပ်တဲ့ နေတိုးအစည်းဝေးမှာ ဒုသမ္မတ မိုက်ပန့်စ်က “တူရကီအနေနဲ့ ကမ္ဘာ့သမိုင်းမှာ အအောင်မြင်ဆုံးစစ်ရေး မဟာမိတ်အဖွဲ့ဝင်အဖြစ် ဆက်ရှိချင်လား၊ ဒါမှမဟုတ် မဟာမိတ်အဖွဲ့ ထိခိုက်စေမယ့် ထင်ရာစိုင်း ဆုံးဖြတ်ပြီး မိတ်ဖက်ဖြစ်မှုကို အထိခိုက်ခံလိုသလား တခုခုကို ရွေးချယ်ရမယ်”လို့ ပြောခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ နေတိုးအဖွဲ့ အကြီးအကဲ ယန်းစတိုလန်ဘာ့ဂ်က အမေရိကန်နဲ့ တူရကီ နှစ်နိုင်ငံအနေနဲ့ ဒီပြဿနာကို အဖြေရှာနိုင်မယ် မျှော်လင့်တယ်လို့ ရိုက်တာကို ပြောခဲ့ပါတယ်။