သေနတ်လေ့ကျင့်ပစ်မှတ်အဖြစ် ဗြိတိန်အတိုက်အခံခေါင်းဆောင်ဓာတ်ပုံသုံးသည့်ရုပ်သံ ထွက်ပေါ်

ဗြိတိန်နိုင်ငံရဲ့ အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီ ကော်ဘင်ရဲ့ ဓာတ်ပုံကို သေနတ်ပစ်လေ့ကျင့်တဲ့ ပစ်မှတ်အဖြစ် စစ်သားတွေကသုံးနေတဲ့ ရုပ်သံတခု လူမှုကွန်ရက်မီဒီယာပေါ် ပျံ့နှံ့အပြီး ထိတ်လန့်တုန်လှုပ်ခဲ့တယ်လို့ ကော်ဘင်က ဧပြီ ၃ ရက်မှာ ပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းပြီး ဘာတွေဖြစ်နေတယ်၊ ဘယ်သူလုပ်တယ်ဆိုတာ သိအောင်လုပ်မယ်လို့ မျှော်လင့်ကြောင်း ကော်ဘင်က ပြောပါတယ်။ Snapchat လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ ရုပ်သံနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျော်တယ်လို့ စာတမ်းထိုးထားတဲ့ ဓာတ်ပုံကို လေထီးစစ်သည် လေးဦးက ပစ်ခတ်နေပုံ ရုပ်သံကို Snapchat ပေါ်မှာ တွေ့ရတာပါ။ ဒီလုပ်ရပ်ဟာ ထိတ်လန့်တုန်လှုပ်စရာဖြစ်ပြီး လက်သင့်မခံနိုင်စရာပဲလို့ လေဘာပါတီ ပြောခွင့်ရက ဆိုပါတယ်။ ဒီဖြစ်ရပ်ကို စစ်တပ်က စုံစမ်းစစ်ဆေးပြီး အရေးယူမယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။ ရုပ်သံထဲက စစ်သည်တွေကို လွှတ်တော်အမတ်တွေက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up