တိုင်းရင်းသားများအတွက် ဒေါ်လာ ၃ သန်း နီပွန်ဖောင်ဒေးရှင်း လှူဒါန်း

1.6K
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ဒေါ်လာ ၃ သန်း ပေးအပ်ကြောင်း ကြေညာလိုက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အလှူငွေကိစ္စ ဆွေးနွေးနေပါတယ်။
အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူငွေ ဒေါ်လာ ၃ သန်းကို ခွဲဝေပေးဖို့ အသေးစိတ် အစီစဉ်တွေကို ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကိုယ်စားလှယ်တွေနဲ့ နီပွန်ဖောင်ဒေးရှင်း အရာရှိတွေ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။
အကူငွေတွေကို ယူအန်အက်ဖ်စီအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဒုက္ခသည်တွေ အတွက် ဆေးဝါး၊ ပညာရေး၊ စားနပ်ရိက္ခာ စတဲ့လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
နီပွန်ဖောင်ဒေးရှင်းအနေနဲ့ မြန်မာအစိုးရနဲ့ ယူအန်အက်ဖ်စီတို့အကြား ကြားခံ အဖြစ် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်နေတယ်လို့ နီပွန်ဖောင်ဒေးရှင်း လူထု ဆက်ဆံရေး ဌာနရဲ့ နာဆုကိုတိုမီနာဂါက ပြောပါတယ်။
“မြန်မာအစိုးရနဲ့ ယူအန်အက်ဖ်စီတို့အကြား တံတားတခုအဖြစ် ကျမတို့ မျှော်လင့်ထားပါတယ်။ အစိုးရက ယူအန်အက်ဖ်စီကို အသိအမှတ်ပြုဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ မျှော်လင့်ချက်ရှိပြီး ဘာမှမသိရသေးပါဘူး။”
တိုင်းရင်းသားဒေသတွေမှာ အခြေအနေတွေ မကောင်းသေးဘူးဆိုတာ သိထားသလို အဲဒီဒေသကို သွားရောက်ကူညီလို့ မရတဲ့အကြောင်းနဲ့ ယူအန်အက်ဖ်စီက အထောက်အပံ့ လိုအပ်တဲ့အတွက် ဒီအဖွဲ့ကို အကူအညီပေးဖို့ ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။
နီပွန်ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရက ယူအန်အက်ဖ်စီကို တရားဝင် ဆွေးနွေးဖော်အဖြစ် အသိအမှတ်မပြုပေမယ့် အရေးပေါ် အကူအညီတွေကို ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ တစိတ်တပိုင်းအဖြစ် အသုံးချဖို့ နီပွန်ဖောင်ဒေးရှင်းဆီကနေ တောင်းဆိုထားတယ်လို့ ရေးသားထားပါတယ်။
နီပွန်ဖောင်ဒေးရှင်းဟာ စစ်အစိုးရလက်ထက်ကတည်းက တိုင်းရင်းသားဒေသတွေ မှာ ကျောင်းတွေ ဆောက်လုပ်ကူညီနေတဲ့ အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ဒီအကူအညီပေးရေး စီမံကိန်းတွေကနေ တဆင့် မြန်မာအစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေ ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဂျပန်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
ယူအန်အက်ဖ်စီအဖွဲ့ဟာ တိုင်းရင်းသားဒေသက နစ်နာဆုံးရှုံးမှု၊ အခွင့်အရေးဆုံးရှုံးမှု၊ အစိုးရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။