ထိုင်းလေထုညစ်ညမ်းမှု ပြဿနာ အရှိန်မြှင့်ဖြေရှင်းရန် ဝန်ကြီးချုပ် စစ်ဆေး

954
ထိုင်းမြောက်ပိုင်းဒေသမှာ တောင်ယာမီးရှို့တာ တောမီးလောင်တာတွေကြောင့် သီတင်းတပတ်ကျော် မီးခိုးငွေ့တွေနဲ့ လေထုညစ်ညမ်းနေရာမှာ ဒီပြဿနာကို အရှိန်မြှင့်ဖြေရှင်းဖို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုယ်တိုင် ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ချင်းမိုင်ကို လာရောက်စစ်ဆေး ကြည့်ရှုသွားပါတယ်။
ဒေသထဲက မီးခိုးငွေ့တွေ ၇ ရက်အတွင်း ပပျောက်သွားဖို့ စစ်သည်တွေအနေနဲ့လည်း တောထဲမှာနေ တောထဲမှာပဲစားပြီး တောမီးလောင်မှု အခြေအနေကို ၂၄ နာရီမပြတ် စောင့်ကြည့်ဖို့၊ ခြေလျင်ခရီးနဲ့ ဝင်ရောက်ဖို့ခက်ခဲတဲ့နေရာမှာ ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ဖြေရှင်းမယ့်အကြောင်း ဝန်ကြီးချုပ်က အမှတ် ၃၃ ခြေလျင်တပ်ရင်းဌာနချုပ် ကာဝိလတပ်ထဲမှာ မီးခိုးငွေ့ပပျောက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
မြောက်ပိုင်းဒေသ မီးခိုးမြူတွေ ဖုံးလွှမ်းနေတဲ့အပေါ် ဒဿမမြောက် ဘုရင်ကြီးကိုယ်တိုင် ပြည်သူတွေကျန်းမာရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြောင်း၊ အစိုးရအနေနဲ့လည်း ဒီပြဿနာကို နံပါတ် ၁ ဦးစားပေးပြီး မီးခိုးငွေ့တွေ အမြန်ဆုံးကင်းစင်ရေး လိုအပ်တဲ့ရန်ပုံငွေကို အစိုးရက အားလုံး ကုန်ကျခံပေးမှာဖြစ်ကြောင်း၊ တောမီးရှို့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့လိုကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် တောမီးလိုက်ငြှိမ်းရင်း ဒဏ်ရာရခဲ့သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါကြောင်း၊ တောထဲတောင်ထဲ ခက်ခဲပင်ပန်းစွာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့စစ်တွေ၊ လုပ်အားပေးတွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အခက်အခဲတွေ ကျော်လွန်နိုင်စေဖို့၊ ကျန်းမာပြီး ဘေးရန်ကင်းစွာ တာဝန်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးချုပ်က ဆန္ဒပြု ဆုတောင်းကြောင်း ပြောသွားပါတယ်။
ထိုင်းမြောက်ပိုင်းဒေသမှာ တောင်ယာမီးရှို့တာ၊ တောမီးလောင်တာတွေကြောင့် မီးခိုးငွေ့တွေ ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းမှု အမြင့်ဆုံးစံချိန် ချိုးသွားပါတယ်။
ဒီပြဿနာ ဖြေရှင်းတဲ့အနေနဲ့ အမှိုက်တွေ၊ သစ်ရွက်သစ်ခက်တွေ၊ တောမီးရှို့တာတွေကို ဥပဒေအရ အရေးယူ ဒဏ်ပေးနေသလို ရဟတ်ယာဉ်နဲ့ ကောင်းကင်ပေါ်ကနေ ရေမှုန်ပက်ဖျန်းတာတွေ ဆောင်ရွက်နေပါတယ်။