Home
မြန်မာသတင်း
ကသာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန် ကျင်းပမည်
DVB
·
April 4, 2019
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့မှာ အခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်မှာ ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။ ကသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက “ပထမက သဲသောင်ပြင်သင်္ကြန် လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလမှာ ရေတက်လာတဲ့ အနေအထားရှိတော့ သဲသောင်ပြင် သင်္ကြန် အစား လမ်းလျှောက်သင်္ကြန်လေး လုပ်မယ်ဆိုပြီး ဆုံးဖြတ်တာပေါ့။ သင်္ကြန်မှာ ပြင်းထန်တဲ့ ရေပိုက်တွေနဲ့ ရေကစားလာတော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့တွေ ပျောက်လာတယ်ပေါ့၊ ဒါကြောင့် ဖလားလေးတွေနဲ့ ရေပက်နိုင်အောင်ရည်ရွယ်ပြီး မြန်မာ့ယဉ်ကျေးမှု ရှေးအစဉ်အလာလေး ဖော်ထုတ်တဲ့အနေနဲ့ လမ်းလျှောက် သင်္ကြန်လုပ်ဖြစ်တာပါ” လို့ပြောပါတယ်။ ကသာမြို့ လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်း အမှတ်(၁)၊ အမှတ်(၂) အမှတ် (၃) ရပ်ကွက်အထိ ကျင်းပမှာဖြစ်ပြီး လမ်းတလျှောက် ပုသိမ်ထီး အပါအဝင် ရောင်စုံထီးအလက် ၂၅၀၊ ဒေသထွက် ခမောက် ၁၀၀ တပ်ဆင်အသုံးပြုသွားမယ်လို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ် ၁၁ ခု ပါဝင်မှာဖြစ်ပြီး ကသာမြို့ PANDORA MUSIC BAND၊ လုပ်သားမောင် မြန်မာ့ ဆိုင်းဝိုင်းနဲ့ ယိမ်းအဖွဲ့တွေ ပါဝင် ဖျော်ဖြေတင်ဆက်သွားမယ်လို့ PANDORA MUSIC BAND မှ ကိုညိုကိုနိုင်က ပြောပါတယ်။ လုံခြုံရေးအနေနဲ့ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့် ကမ်းနားလမ်းတလျှောက် မုခ်ဦးကနေ ဗဟိုမဏ္ဍပ်အထိ CCTV တွေ တပ်ဆင်သွားမှာဖြစ်ပြီး မီးသတ်၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေက ၂၄ နာရီစောင့်ကြည့်စနစ်နဲ့ လုံခြုံရေး ဆောင်ရွက်သွားမယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024