ထိပ်တန်းအဆင့်ခြေစွမ်း ပြန်မရသေးဟု မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ပြော

ဒဏ်ရာပြဿနာတွေကြောင့် ထိပ်တန်းအဆင့်ခြေစွမ်း ပြန်မရသေးဘူးလို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာဒစ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို အားရကျေနပ်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး မနှစ်က ခြေစွမ်းပြန်ရဖို့ ကြိုးစားနေရဆဲဖြစ်တယ်လို့ ဒီဘရိုင်းက ဝန်ခံပြောကြားခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့အတွက် တခြားကစားသမားတွေထက် ပိုကြိုးစားခဲ့ရပြီး မိမိအနေနဲ့ အကောင်းဆုံးခြေစွမ်း မရသေးပေမယ့်လည်း အသင်းက ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် ကိစ္စမရှိဘူးလို့လည်း ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက ၅၂ ပွဲအထိ ကစားခဲ့ပြီး ၁၂ ဂိုးသွင်း ၂၁ ကြိမ်အထိ ဂိုးဖန်းတီးနိုင်ခဲ့ပေမယ့် အခုနှစ်ရာသီမှာတော့ ၂၅ ပွဲပဲ ကစားနိုင်ခဲ့ပြီး ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

More News
Up