အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ ဇိုးနွာမ် ရပ်ကွက်မှာ မြန်မာနိုင်ငံကိုတင်သွင်းမယ့် စိတ်ကြွဆေး အလုံးပေါင်း ၆၉၃,၆၀၀ ကို အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ CADS ခေါ် Central Anti Drugs Squad (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့) က အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ကြိုတင်သတင်းရရှိထားချက်အရ အိုက်ဇောမြို့ ဇိုးနွာမ် ရပ်ကွက်က C.Lalrinenga ရဲ့ အိမ်ကို ရုတ်တရက်ဝင်ရောက် ရှာဖွေလိုက်ရာက ဖမ်းဆီးရမိခဲ့တာပါ။
[caption id="attachment_32113" align="alignleft" width="300" caption="CADS (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့) အတွင်းရေးမှူး Pu C Thanfela"]

[/caption]
ဝင်ရောက်ဖမ်းဆီးစဉ်မှာ C.Lalrinenga နဲ့အတူ အခြားလူ ၃ ဦးတို့ဟာ စိတ်ကြွဆေးတွေကို အခွံခွာနေကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဆေးတွေဟာ မြန်မာနိုင်ငံကို တင်သွင်းဖို့ဖြစ်ပြီး ရူပီးငွေ ၂ သိန်း ၅ သောင်း တန်ဖိုးရှိပြီး ကျပ်ငွေအားဖြင့် သိန်း ၄၀ တန်ပါတယ်။
CADS (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့) အတွင်းရေးမှူး Pu C Thanfela က သူတို့ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“မနှစ်က Namcold လို့ခေါ်တဲ့ စီဒိုဖက်ဒရင်း ပါဝင်တဲ့ စိတ်ကြွဆေး ၁၀ သေတ္တာကို ကျွန်တော်တို့ CADS ကနေ ဖမ်းမိခဲ့ဖူးပါတယ်။ အခု ဇိုးနွမ် ရပ်ကွက်မှာ စိတ်ကြွဆေး အလုံးပေါင်း ၆ သိန်းကျော်ကို ထပ်ပြီးဖမ်းမိထားပါတယ်။ ကျနော်တို့ဝင်ဖမ်းတော့ လူ ၃ ယောက်က စိတ်ကြွဆေး အခွံတွေ ခွာနေကြတယ်။”
အိမ်ရှင် C.Lalrinenga က သူ့ပစ္စည်းမဟုတ်ဘူးလို့ ထွက်ဆိုတယ်လို့ ဆိုပါတယ်။ ပိုင်ရှင်ကတော့ မြန်မာနိုင်ငံသား ကလေးမြို့နယ် တာဟန်းမြို့က Lalnuntluanga ဖြစ်ပြီး မနေ့ကပဲ စိတ်ကြွဆေး အလုံးပေါင်း ၅ သိန်းကျော်ကို သူ့ကိုယ်ပိုင်ကား ၁ စင်းနဲ့တင်ပြီး မြန်မာနိုင်ငံကို ပြန်သွားပြီလို့ ပြောတယ်။
CADS မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အတွင်းရေးမှူး Pu C Thanfela က
“စိတ်ကြွဆေးတွေ မီဇိုရမ်ကိုဖြတ်ပြီး မြန်မာနိုင်ငံကို သယ်ဆောင်နေကြတာ မနည်းတော့ဘူး။ ဒါကြောင့် ကျနော်တို့ နေမအိပ် ညမအိပ်ဘဲ ကင်းစောင့်တွေချပြီး ဖမ်းဆီးနှိမ်နင်းသွားမယ်။”
CADS အဖွဲ့ဟာ မီဇိုရမ်ပြည်နယ်ရဲ့အကြီးဆုံးသော လူမှုရေး အသင်း ဖြစ်တဲ့ YMA က ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ လအတွင်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံကိုတင်သွင်းမည့် စိတ်ကြွဆေး သန်းပေါင်းများစွာ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။