Home
မြန်မာသတင်း
ရန်ကုန်တွင်ကျင်းပမည့် ရခိုင်ရိုးရာအတာသင်္ကြန်ပွဲတော် ဖျက်သိမ်း
ဆုဆုသွယ်
·
April 4, 2019
ရန်ကုန်မြို့မှာ အခုလကျင်းပဖို့ စီစဉ်ထားတဲ့ ရခိုင်ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်လို့ ရခိုင်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါ်စောခင်တင့်က ဒီဗွီဘီကိုပြောပါတယ်။ ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ရခိုင်ပြည်သူတွေ ဆုံးရှုံးနစ်နာနေပြီး စိတ်ထိခိုက်ခံစားနေရချိန်မှာ အခုလို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ မသင့်တော်သလို သင်္ကြန် ရေကစားမဏ္ဍပ်တွေမှာပါဝင်မယ့် အမျိုးသမီးငယ်တွေဟာ မိသားစုရဲ့ ခွင့်ပြုချက်မရတာနဲ့ မဏ္ဍပ်လုံခြုံရေး အခြေအနေတွေကြောင့် မကျင်းပဖြစ်တာလို့  ဆိုပါတယ်။ ဒါပေမယ့် ရခိုင်ရိုးရာအစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေ သပ္ပယ်ပွဲတွေကိုတော့ ရခိုင်ဓမ္မာရုံမှာ ရခိုင်အသင်းအဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ၁၇ မြို့နယ်က ရခိုင်အသင်းအဖွဲ့တွေ စုပေါင်းပြီး အစဉ်အလာမပျက်ကျင်းပသွားဖို့ ရှိပါတယ်။ ရခိုင်ရိုးရာအတာသင်္ကြန်ပွဲတော်ကို အရင်နှစ်တွေက သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပလေ့ရှိတာဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးက အသင်းအဖွဲ့တွေရဲ့ ရေကစား မဏ္ဍပ်တွေ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရေကစားမဏ္ဍပ်တွေ၊ ရခိုင်တိုင်ရင်းသား တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ ရေကစားမဏ္ဍပ်တွေနဲ့အတူ အလွန်စည်ကားတဲ့ သင်္ကြန်ပွဲတော် ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ကျင်းပစဉ်ကာလမှာလည်း ရခိုင်တိုင်းရင်းသားအဆိုတော်တွေရဲ့ တေးသီချင်း သီဆိုဖျော်ဖြေပွဲတွေနဲ့ ရခိုင်ရိုးရာ အစားအစာတွေကိုပါ ရောင်းချလေ့ရှိပါတယ်။ ရန်ကုန်မြို့မှာ  ရခိုင်ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၀၄ ခုနှစ်ကတည်းက စတင်ကျင်း ပလာတာ ၁၅ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်ကျင်းပမယ့် ၁၆ ကြိမ်မြောက်ပွဲတော်ကတော့ ရခိုင်ပြည်နယ်ထဲ  တိုက်ပွဲတွေဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မကျင်းပဖြစ်တော့ဘဲ ဖျက်သိမ်း ခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024