A d v e r t i s e m e n t With Us

နျူကလီးယား အစီအစဉ် စစ်ဆေးရန် အိုင်အေအီးအေအဖွဲ့ မြောက်ကိုရီးယား သွားဖွယ်ရှိ

ဓာတ်ပုံ - Reuters
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်အတွက် လာမယ့်သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားနိုင်ငံကို သွားနိုင်တယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ဖို့ သဘောတူခဲ့ရင်၊ နျူကလီးယား ကင်းစင်မစင် အကဲဖြတ် စစ်ဆေးစောင့်ကြည့်ဖို့ တောင်းဆိုခဲ့ရင် အိုင်အေအီးအေဟာ လာမယ့်သီတင်းပတ်တွေအတွင်း စုံစမ်းစစ်ဆေးသူတွေကို မြောက်ကိုရီးယားဆီလွှတ်ဖို့ အဆင်သင့်ပဲလို့ အိုင်အေအီးအေက ဧပြီ ၂ ရက်နေ့မှာ ပြောလိုက်တာပါ။ အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် ယုခိယအမာနိုက "၂၀၁၇ တည်းက အိုင်အေအီးအေဟာ နိုင်ငံရေးသဘောတူညီချက် ရပြီဆိုရင် မြောက်ကိုရီးယားနိုင်ငံထဲက လှုပ်ရှားမှုတွေကို စောင့်ကြည့်စစ်ဆေးဖို့ အသင့်ဖြစ်အောင်၊ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်ကို စောင့်ကြည့်ဖို့ အားပိုထုတ်ထားတယ်၊ အုပ်ချုပ်ရေးမှူး ဘုတ်အဖွဲ့ရဲ့ အတည်ပြုချက်ရတာနဲ့ ကျနော်တို့ဟာ စစ်ဆေးသူတွေကို မြောက်ကိုရီးယားဆီလွှတ်ဖို့ တောင်းဆိုချက်ကို သီတင်းပတ်တွေအတွင်း တုံ့ပြန်နိုင်ပါတယ်" လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောလိုက်ပါတယ်။ နျူကလီးယား ဖြုတ်သိမ်းရေး ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ မနှစ်က နှစ်ကြိမ် တွေ့ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကို ရန်ပုံငွေ မထောက်ပံ့နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ၂၀၀၆ တည်းက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ ၂၀၀၉ ခုနှစ်တုန်းက အိုင်အေအီးအေ စုံစမ်းစစ်ဆေးသူတွေကို နှင်ထုတ်ခဲ့ပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံ ဗီယင်နာမြို့အခြေစိုက် အိုင်အေအီးအေအဖွဲ့ဟာ မြောက်ကိုရီးယားကို မသွားနိုင်တော့ဘဲ ဂြိုဟ်တုပုံရိပ်တွေကနေ တဆင့်သာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို စောင့်ကြည့်နေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up