Live
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းသည့် ဥပဒေကြမ်း တင်သွင်းတော့မည်
နေဖြိုးဝင်း
·
April 4, 2019
လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ပြန်လည်ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို သင်္ကြန်ကာလအပြီး ပြန်လည်ခေါ်ယူကျင်းပမယ့် လွှတ်တော်အစည်းဝေးမှာ ဆွေးနွေး အတည်ပြုဖို့ရှိနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရေးဆွဲတာဖြစ်ပြီး ဒီဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ထုတ်ပြန်ထားပါတယ်။ အခုအခါ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းကော်မတီမှာ ရောက်နေပြီဖြစ်လို့ သင်္ကြန်အပြီးပြန်လည် စတင်မယ့် ၁၂ ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ တင်သွားမယ်လို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။ "ကျနော်ဆီရောက်တော့ ရောက်ပါပြီ ဆွေးနွေးပြီးတော့ တင်မှာပါ။ မဆွေးနွေးရသေးတော့ ဘာမှတော့ မဆုံး ဖြတ်ရသေးပါဘူး” ဒီဥပဒေကို ပြီးခဲ့တဲ့အစိုးရလက်ထက် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ဖူးပေမယ့် သဘောထားကွဲလွဲမှု တွေရှိတာကြောင့် ဆွေးနွေးအတည်ပြုဖို့ ဆိုင်းငံ့ထားခဲ့တာပါ။ ဒီလို ဆိုင်းငံ့ ထားတဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခွင့်အရေးဆုံးရှုံးတယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ "ဒီဟာကလည်းပဲ ပြန်ပြီးတော့ သုံးသပ်ပြီးရေးဆွဲသွားမှာ ဖြစ်ပါတယ်။ လာမယ့်အစည်းဝေး မှာလည်း ဒါတွေကို ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုဖို့လည်း ရှိပါတယ်။ ကိုယ်စားလှယ်တဦး တကယ်အပြစ်ဖြစ်ပြီးတော့ တကယ်ဖြစ်တယ်ဆိုရင်တော့ ပြန်လည်ဖြုတ်ချနိုင်ရေးအတွက်ကို သေချာပြန်စဉ်းစားသွားမှာပါ " လို့ ဦးကျော်စိုးလင်းက ဆိုပါတယ်။ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို ဖောက်ဖျက်တာ၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုခုကို ဖောက် ဖျက်ကျုးလွန်တာ၊ အကျင့်သိက္ခာပျက်ပြားတာ၊ အခြေခံဥပဒေမှာသတ်မှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရည်အချင်းပျက်ယွင်းတာ၊ ဥပဒေအရပေးအပ်တဲ့ တာဝန်တွေကို မကျေပွန်တာ စတဲ့အကြောင်းအရာတခုခုနဲ့ ညှိစွန်းရင် လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်ရုပ်သိမ်းနိုင်တာဖြစ်ပါတယ်။ တာဝန်က ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ  မူလ မဲဆန္ဒရှင် အနည်းဆုံး တစ် ရာခိုင်နှုန်းက ရုပ်သိမ်းလိုကြောင်း လက်မှတ်ထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာလည်း  ဖြစ်ပါတယ်။ တိုင်ကြားခဲ့ရတဲ့ ကိုယ်စားလှယ်ကို ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး မူလမဲဆန္ဒရှင် ထက်ဝက်ကျော်က ရုပ်သိမ်းကြောင်း ဆန္ဒပြုမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုပ်သိမ်းကြောင်း ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အခုလို ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်တာဟာ ရွေးကောက်ပွဲကျင်းပတဲ့ ကုန်ကျစရိတ်လို ကုန်ကျနိုင်တဲ့အတွက် ကိုယ်စားလှယ် တချို့ က ဝေဖန်မှုတွေ ရှိနေတဲ့အတွက် ဒီလို မဖြစ်အောင် သေချာစဉ်းစားပြီး ဆုံးဖြတ်သွားမယ်လို့ ဦးကျော်စိုးလင်း က ပြောပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက် လွှတ်တော်သက်တမ်းမှာ သဘောထားကွဲလွဲလို့ ဆိုင်းငံ့ထားတာဟာ တရားမ၀င်ဘူးလို့  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က မီဒီယာတွေကို ဖြေကြားထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024