A d v e r t i s e m e n t With Us

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ အပါအ၀င် ၃ ဦးကို အဂတိမှုဖြင့် အရေးယူ

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူ လိုက်တယ်လို့  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြေညာပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေ လုပ်ကွက်တွေမှာ တရားမဝင် ရွှေသတ္ထုတူးဖော်သူတွေနဲ့  အဂတိလိုက်စားပြီး ရွှေခိုးထုတ်ရာမှာ ပူးပေါင်းပါဝင်တဲ့ ၀န်ထမ်းတွေကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးက ကော်မရှင်ကို တိုင်ကြားခဲ့တဲ့အမှုကို စုံစမ်းပြီးနောက် မမှန်မကန်တိုင်ကြားခဲ့တယ်ဆိုပြီး အရေးယူလိုက်တာပါ။ ဦးထွန်းအောင်စိုးဟာ သူ့ရဲ့ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီ ၈ ခုရဲ့အမည်ကို အလွဲသုံးစားပြုပြီး နိုင်ငံ့ဝန်ထမ်းတွေက ငွေကြေးရယူ တရားမဝင် ရွှေခိုးတူးခွင့်ပြုကြောင်း၊ ရွှေခိုးတူးသူတွေကို လာဘ်ငွေရယူပြီး ပြန်လွှတ်ခဲ့တယ်လို့ မမှန်မကန် စွပ်စွဲတိုင်ကြားစာတွေ ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ အရေးယူခဲ့တာ လို့ ဆိုပါတယ်။ ဒါ့အပြင် မမှန်မကန် တိုင်ကြားရာမှာ အားပေးကူညီခဲ့တဲ့ ဦးမျိုးအောင်နဲ့ ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ အရ အရေးယူဆောင်ရွက်ဖို့ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းမှာ ဧပြီ ၃ ရက်နေ့က  ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကို နစ်နာစေဖို့ ဒါမှမဟုတ် ဂုဏ်သရေပျက်စေရဖို့ ရည်ရွယ်ချက်ကာ အဂတိလိုက်စားမှု ကျူးလွန်တယ်ဆိုပြီး မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်ပါက မမှန်မကန်တိုင်ကြားသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ အရေးယူမယ်လို့ လည်း  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဧပြီ ၃ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up