A d v e r t i s e m e n t With Us

ချောက်ချားဖွယ် တိရစ္ဆာန်သင်္ချိုင်းဟောင်းထဲမှ သွေးပျက်ထိတ်လန့်စရာရုပ်ရှင် – Pet Sematary (နမူနာ)

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Thriller အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Pet Sematary ရုပ်ရှင်ကားကို လာမယ့် ဧပြီ ၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာနှစ်ဦး ဖြစ်ကြတဲ့ Kevin Kölsch နဲ့ Dennis Widmyer တို့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ Stephen King ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတာဖြစ်ပြီး ၁၉၈၉ ခုနှစ်ကလည်း ဒီနာမည်နဲ့ပဲ ရုပ်ရှင်ရိုက်ခဲ့ဖူးတာမို့ ဒါက ဒုတိယအကြိမ် ထပ်ပြီးထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ စိမ်းစိုညို့မှိုင်းတဲ့ သစ်တောကြီးနဲ့ ကပ်လျက်ရှိနေတဲ့ အိမ်တအိမ်ကို သားသမီးနှစ်ယောက်ပါတဲ့ မိသားစုတစု ပြောင်းရွှေ့ရာကနေ စတင်ထားပါတယ်။ ပြောင်းရွှေ့လာတဲ့ အဲဒီမိသားစုထဲမှာ အချစ်တော် ကြောင်ကလေးတကောင်လည်း ပါလာခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်ရဲ့ နောက်ဘက်မှာတော့ ထူးဆန်းတဲ့ တိရစ္ဆာန်သင်္ချိုင်းတခု ရှိနေတာကို မထင်မှတ်ဘဲ သိလိုက်ကြရတယ်။ တရက်မှာတော့ အိမ်ရဲ့ အချစ်တော်ကြောင်ကလေး သေဆုံးသွားခဲ့ရာ အဲဒီသင်္ချိုင်းထဲမှာ မြှုပ်နှံလိုက်ကြတယ်။ ဒါပေမယ့် နောက်တရက်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ သေရွာပြန်ကြောင်ကလေးကို ပြန်တွေ့ကြချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ နောက်ပြီး မိသားစုထဲက ၂ နှစ်သားကလေးဟာ ဟိုင်းဝေးလမ်းမပေါ် ဖြတ်ပြေးရင်းနဲ့ ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ချိန်မှာရော ဘယ်လိုအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ချောက်ချားစရာပုံရိပ်တွေ၊ အသံတွေနဲ့အတူ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သြစတြေးလျ သရုပ်ဆောင်မင်းသား Jason Clarke၊ အမေရိကန် သရုပ်ဆောင်မင်းသမီး Amy Seimetz နဲ့ သရုပ်ဆောင်မင်းသား John Lithgow တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By SouthWest Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.2 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up