ခင်ဦး-ရေဦး မူးမြစ်ကူးတံတား ၂၀၂၀ နှစ်ကုန်ပိုင်း အပြီးတည်ဆောက်မည်

1.5K
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း ရေဦး-ခင်ဦးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမှာ မရှိမဖြစ်လိုအပ်နေတဲ့ တံတားတစင်းကို ၂၀၁၉ ဇန်နဝါရီလဆန်းက စတင်တည်ဆောက်နေပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာမှာ အပြီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြီးခဲ့တဲ့ ကာလတိုဘက်ဂျက်က ရရှိထားတဲ့ ကျပ်သန်း ၅၀၀နဲ့ တည်ဆောက်ရေးလုပ်ငန်းကို စတင်နေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်/ လမ်းပန်းဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။
"ကျပ်သန်း ၆၀၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်။ လောလောဆယ်တော့ မီနီ ဘက်ဂျက် ကျပ်သန်း ၅၀၀ နဲ့ဆောက်နေတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုကနေ ဖြည့်စွက်ဘက်ဂျက်တောင်းခံထားတယ်။ ဒီတံတားပြီးသွားရင်တော့ ခရီးစဉ် ကုန်စည်သယ်ယူ ပို့ဆောင်ရေးတွေ ပိုမိုမြန်ဆန်သွားမှာပါ။"လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာ့မီးရထားက ဆောက်လုပ်ထားတဲ့ ကား၊ ရထားသွား တံတားကိုသာ အသုံးပြုနေရပြီး ကားတစီးသာ သွားနိုင်တဲ့အတွက် တံတားဟိုဖက်ထိပ် ဒီဖက်ထိပ်ကနေ စောင့်ဆိုင်းဖြတ်သန်းနေရတာကြောင့် အချိန်ကြန့်ကြာမှုတွေ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိတံတားက တန် ၂၀ သာ ခံနိုင်ရည်ရှိတယ်လို့လည်း သိရပါတယ်။
မြင်းဒေါင်းကျေးရွာ ဒေသခံတဦးက "တံတားက လိုအပ်နေတာတော့ ကြာပြီပေါ့ဗျာ။ နိုင်ငံတော်က အခုမှဆောက်နိုင်တာပေါ့။ တံတားပြီးသွားရင်တော့ အရင်လို စောင့်စရာမလိုတဲ့အတွက် ဒေသထွက် ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ ပိုမြန်ဆန်လာမှာပေါ့။"လို့ ပြောပါတယ်။
မူးမြစ်ကူးတံတားသစ်က အရည်ပေ ၂၅၀၀ ကျော်ရှိပြီး တံတားကို တန် ၆၀ ထိ ခံနိုင်ရည်ရှိတဲ့ သံကူကွန်ကရစ် တံတားအဖြစ် တံတား အထူးအဖွဲ့ ၂ က တာဝန်ယူ တည်ဆောက်နေတာဖြစ်ပါတယ်။
တံတားမှာ တိုင်ပေါင်း ၂၂ တိုင်ပါဝင်ပြီး လက်ရှိ အသုံးပြုနေတဲ့ ကား၊ ရထားသွားတံတားရဲ့ အောက်ဖက် ပေ ၃၀ အကွာမှာ တည်ဆောက်နေတာဖြစ်ပါတယ်။