မုန်တိုင်းဒဏ်ခံခဲ့ရသည့် နီပေါတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်

ဓာတ်ပုံ - AFP
လူအယောက် ၃၀ ထက်မနည်း သေဆုံးတဲ့ မိုးကြိုးမုန်တိုင်း ကျရောက်ပြီးနောက် နီပေါတောင်ပိုင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ နီပေါနိုင်ငံတောင်ပိုင်းမှာ မတ်လ ၃၁ ရက်နေ့က မိုးကြိုးမုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့်  လူအယောက် ၃၀ ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာလည်း အပျက်အစီးတွေကြားထဲ ငိုကြွေး ပူဆွေးနေကြပါတယ်။ ဒါ့အပြင် အဆောက်အဦတွေ ပျက်စီးပြီး သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ခဲ့ပါတယ်။ မုန်တိုင်းဝင်ရောက်ရာ ဘာရာခရိုင်ဟာ မြို့တော် ခတ္တမန္ဒူကနေ ၆၂ ကီလိုမီတာ အကွာမှာ တည်ရှိပါတယ်။ ဒါ့အပြင် အဲဒီခရိုင်ဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ “ဒဏ်ရာရသူ ၄၀၀ ကျော်ရှိပြီး တချို့က ဒဏ်ရာ အတော်လေး ပြင်းထန်ပါတယ်။ အဲဒီထဲက ၆ ယောက်ကို လေကြောင်းနဲ့ ခတ္တမန္ဒူကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒဏ်ရာရသူ အားလုံးကလည်း နီးစပ်ရာ ဆေးရုံတွေမှာ ကုသမှု ခံယူနေပါတယ်” လို့ နီပေါတပ်မတော် ပြည်သူ့ဆက်ဆံရေးအရာရှိ ဆာရော့ကူးမား အက်ဒယ်ကာရီက ပြောပါတယ်။ မုန်တိုင်းကြောင့် ဘာရာနဲ့ ပါဆာခရိုင်တွေမှာ နေအိမ်တွေ ပျက်စီး၊ မော်တော်ယာဉ်တွေ တိမ်းမှောက်ပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။ မုန်တိုင်းပြီးတဲ့နောက်မှာတော့ နီပေါတပ်မတော်က ကယ်ဆယ်ရေးသမားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအစိုးရ ဝန်ထမ်းတွေဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေပါတယ်။ မုန်တိုင်းကနေ လွတ်မြောက်ခဲ့သူတဦးဖြစ်တဲ့ ဘာဝန်နီခါတွန်က “ရှိသမျှပစ္စည်းတွေ အကုန်လုံး ဆန်တွေရော ဂျုံတွေပါ အပျက်အစီးတွေအောက် ရောက်ကုန်တယ်။ ကျမတို့မိသားစုထဲမှာ တယောက်က ခြေကျိုးတယ်။ တယောက် လက်ကျိုးတယ်” လို့ ပြောပါတယ်။ နီပေါနိုင်ငံမှာ နွေကာလ မုတ်သုံအကြို မိုးကြိုးမုန်တိုင်းတွေ ဝင်ရောက်လေ့ရှိပေမယ့် လူအသေအပျောက် များလောက်အောင် ပြင်းထန်တာမျိုးကတော့ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up