ထူးထူးခြားခြား Music Drama ရုပ်ရှင်ကားတကားဖြစ်တဲ့ Teen Spirit ကို လာမယ့်ဧပြီ ၁၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ဗြိတိန်သရုပ်ဆောင်ဒါရိုက်တာ Max Minghella က ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပဲ ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
မြို့ငယ်လေးတမြို့မှာ နေထိုင်တဲ့ Violet ဟာ အရှက်အကြောက်ကြီးတဲ့ ဆယ်ကျော်သက် ကောင်မလေးတယောက်ဖြစ်ပြီး စိတ်ရှုပ်စရာကောင်းတဲ့ မိသားစု၊ ဝန်းကျင်ကနေ လွတ်မြောက်နိုင်ဖို့ အိပ်မက်နေသူတယောက်ပါ။ သူ့ရဲ့ နောက်ထပ်အိပ်မက်ကတော့ သီချင်းတွေဆိုဖို့ ဖြစ်ပါတယ်။ တကြိမ်မှာတော့ ဒေသတွင်း သီချင်းဆိုပြိုင်ပွဲတခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး သူ့ရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ခွင့်ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ သူရည်မှန်းတဲ့ အိပ်မက်လမ်းကို လျှောက်လှမ်းနိုင်မလား ဆိုတာတွေကို ဂီတစည်းချက်တွေနဲ့အတူ ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Elle Fannings က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ Rebecca Hall၊ Zlatko Buric စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။
Teen Spirit ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Toronto International Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၉၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်ရှုမယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။