Home
မြန်မာသတင်း
ပလက်ဝ လမ်းဖောက်ကုမ္ပဏီဝန်ထမ်း ၈ ဦးကို အေအေတပ်ဖွဲ့ဖမ်းဆီး၊ မိသားစုဝင်များ စိုးရိမ်နေ
DVB
·
April 3, 2019
မြန်မာ- အိန္ဒိယ နှစ်နိုင်ငံဆက်သွယ်ထားတဲ့ ပလက်ဝ- မီဇိုရမ် ကားလမ်း တာဝန်ယူ ဖောက်လုပ်နေတဲ့  ဆုထူးစံကုမ္ပဏီ ဝန်ထမ်း ၈ ဦးကို ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ အဆက်သွယ်မရကြလို့  မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ အဖမ်းခံရတဲ့သူတွေထဲက တဦးရဲ့ ဖခင်ဖြစ်သူ ဦးကံမြင့်က အခုလို လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့  ဒီဗွီဘီကို ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းရွာမှာ ဆုထူးစံကုမ္ပဏီ ဝန်ထမ်းတွေ လမ်းလုပ်ငန်းဆောင်ရွက်နေစဉ် မတ်လ ၃၀ ရက်က အင်အား ၁၇၀ နီးပါးရှိတဲ့ အေအေ တပ်ဖွဲ့က ရောက်လာပြီး ဝန်ထမ်း ၁၃ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ကာ  ၅ ဦးကို ပြန်လွှတ်ပေးပြီး ၈ ဦးကိုတော့ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သားတွေကတော့ ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်ဟန်၊ ဦးထွန်းအောင်ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်နဲ့  ဦးဇော်ဝင်းကိုတို့ ဖြစ်ကြပါတယ်။ အဆိုပါဖမ်းဆီးခံရသူ ၁၃ ဦးအနက် မော်လမြိုင်မြို့နေ ဦးဇော်ဝင်း၊  ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနဲ့ ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နဲ့ ဇနီး ဒေါ်မိုးမိုးမြင့် ကိုတို့ ၅ ဦးကတော့  ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီလောက်မှာ ပလက်ဝမြို့သို့ ပြန်လည်လွတ်မြောက် ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုပါတယ်။ အေအေအဖွဲ့ဟာ ကုမ္ပဏီပိုင် ဟိုက်လတ်အဖြူရောင် ကား ၁ စီး၊ မြေကော်စက် ၁ စီးနဲ့ ဆိုင်ကယ် ၃ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး  ကျန် ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  အေအေ ရက္ခိုင့်တပ်မတော် ပြောခွင့်ရသူ ခိုင်သုခက တော့ အရပ်သားတွေကို ဒီလို ဖမ်းဆီးတာမရှိဘူးလို့  ဒီဗွီဘီကိုပြောပါတယ်။ ဓာတ်ပုံ- CINCDS
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024