Home
မြန်မာသတင်း
အေအေကို အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းသည့် သတင်းဌာနများကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်စာပို့
ပြည့်ဘုန်းအောင်
·
April 2, 2019
ရက္ခိုင့်တပ်မတော် (အေအေ)ကို အကြမ်းဖက်သောင်းကျန်းသူလို့ သုံးနှုန်းတာနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းဌာနတချို့ကို  ဗုံးခွဲခံရမယ်လို့ ခြိမ်းခြောက်စာတွေပို့ခံ ခဲ့ရပါတယ်။ ဒီခြိမ်းခြောက်စာတွေကိုတော့ ဧပြီ ၂ရက် မနက်ပိုင်းကစပြီး လူမှုကွန်ရက်အကောင့်ကနေ သတင်းဌာနတွေရဲ့ သတင်းဝက်ဆိုက်ဘ်တွေဆီ ပေးပို့ခဲ့သလို သတင်းဌာနရဲ့ အီးမေးလ်က တဆင့်လည်း ပေးပို့လာတာ ဖြစ်တယ်လို့  စာပို့ခံခဲ့ရတဲ့ သတင်းဌာနတွေက ပြောပါတယ်။ ခြိမ်းခြောက်စာပေးပို့ခံရတဲ့  သတင်းဌာနတွေထဲမှာ 7 Day၊ Mizzima နဲ့ Eleven  မီဒီယာတို့ အပြင် အခြားသတင်းဌာန တချို့လည်း အခုလို ခြိမ်းခြောက်စာပို့ ခံခဲ့ ရပါတယ်။ ခြိမ်းခြောက်စာတွေထဲမှာတော့ ရက္ခိုင့်တပ်မတော်(အေအေ)ကို သောင်းကျန်းသူအဖွဲ့ ဆိုပြီး သတင်းရေးတဲ့ မီဒီယာတွေကို စာရင်းပြုစုထားပြီး ရခိုင်ပြည်ကို သတင်းလာယူပါက အသက်အန္တရာယ်ကို အာမ မခံနိုင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရက္ခိုင့်တပ်မတော်ဟာ အကြမ်းဖက်အဖွဲ့ မဟုတ်ဘဲ ရခိုင်အဖနိုင်ငံတော်အတွက် တော်လှန်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဒီလိုဆက်လက်ဖော်ပြနေမယ်ဆိုရင် သတင်းဌာနတချို့ကို  ဗုံးခွဲပစ်မယ်လို့ ခြိမ်းခြောက်ရေးသားထားပါတယ်။ အခုလို သတင်းဌာနတွေကို ခြိမ်းခြောက်စာပေးပို့တာနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူတို့ဘက်က ပေးပို့တာ မဟုတ်ဖူးလို့ ငြင်းဆိုထားသလို အခုလို ပေးပို့တဲ့ အပေါ်မှာလည်း ရှုတ်ချတယ်လို့ ပြောပါတယ်။ အခုလို ခြိမ်းခြောက်ခံရတဲ့ သတင်းဌာနတွေအနေနဲ့ ဒီကိစ္စကို သက်ဆိုင်ရာ မီဒီယာ အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေထံကို တင်ပြသွားမယ်လို့ ပြောပါတယ်။ သတင်းဌာနတွေအနေနဲ့လည်း ပဋိပက္ခသတင်းတွေကိုရေးသားရာမှာ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြသင့်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့ဝင် မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ  ဦးဇေယျာလှိုင်က ပြောပါတယ်။ ခြိမ်းခြောက်စာတချို့မှာတော့ ရက္ခိုင့်တပ်မတော် (အေအေ) ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့တဲ့ ဒီဗွီဘီ သတင်းထောက်ဘာဖြစ်သွားသလဲဆိုတာ သတိထားဖို့ လည်း ထည့်သွင်း ရေးသားထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဗွီဘီသတင်းဌာနမှာ ဆောင်းပါးရေးသားနေတဲ့ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ပြင်ပဆောင်းပါးရှင်တဦးဟာ အေအေအဖွဲ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးရေးသားဖော်ပြခဲ့ပြီးနောက် အမည်မသိလူတချို့က ဓားနဲ့ ထိုးခဲ့လို့ ဒဏ်ရာရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024