A d v e r t i s e m e n t With Us

ဦးသိန်းစိန် ပထမအကြိမ် သတင်းစာရှင်းပွဲ လုပ်မည်

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး သီးသန့် သတင်းစာရှင်းလင်းပွဲတခုကို အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၉ နာရီ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပြုလုပ်သွားမယ်လို့ သမ္မတရုံးက စုံစမ်းသိရှိ ရပါတယ်။ ပြည်တွင်းမီဒီယာတွေကို ဦးစားပေးတွေ့ဆုံရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပြီး ပြည်ပမီဒီယာတွေ အားလုံးလည်း တက်ရောက် သတင်းရယူနိုင်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ “အဓိက ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံမယ့် မေးမြန်းခန်းလေး လုပ်မှာပါ။ ဒီဗွီဘီတို့လည်း တတ်နိုင်တယ်။ ဒါပေမယ့် မေးခွန်းမေးရင်တော့ ပြည်တွင်းမီဒီယာတွေကို ဦးစားပေးမယ်။” ဒါဟာ သမ္မတတက်လာပြီး ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ ပြောနိုင်လား။ “သမ္မတအိမ်တော်မှာ လုပ်မှာဆိုတော့ ပထမဆုံးအကြိမ်ပေါ့။ အရင် ဘာလီသွားတုန်းက သတင်းစာရှင်းလင်းပွဲ လုပ်တာကတော့ ရှိတယ်။ သီးသန့်လုပ်တာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ။” အဲမှာ သတင်းစာရှင်းပွဲဆိုတာထက် သမ္မတအရင်ရှင်းမယ်၊ ပြီးတော့မှ မေးလိုရာမေးလား၊ ဘယ်လိုပုံစံသွားမှာလဲ။ “အဲဒါတော့ ကျနော်တို့ မညှိရသေးဘူး။ ဟိုရောက် အကြမ်းဖျင်း မိတ်ဆက်တာလေးပြောပြီးတော့ မေးခွန်းမေးတာကို အဓိကထားမှာပါ။” မကြာခင်က သွားခဲ့တဲ့ နိုင်ငံတကာ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ရည်ရွယ်လုပ်တာလား၊ ဒါမှမဟုတ် အကုန်လုံး မေးလို့ဖြေလို့ ရမယ့် သဘောလား။ “အကုန်လုံး မေးလို့ဆိုလို့ရတယ် ဆိုတာက အဓိက မီဒီယာတွေနဲ့ တွေ့ဆုံတာဆိုတော့ မီဒီယာတွေ မေးချင်တာမေးပါ။” အရင်အထဲက မီဒီယာတွေ၊ ဂျာနယ်တွေက သမ္မတ နိုင်ငံခြားခရီးစဉ်ထွက်တော့ ဒီဗွီဘီတို့၊ ဘီဘီစီတို့၊ ဗွီအိုအေတို့ကို ပေးတော့ သူတို့ကို မပေးဘူးဆိုပြီး စကားသံတွေ ထွက်လာလို့ အခုလို လုပ်တာလား။ “အဲလိုတော့ မဟုတ်ဘူး။ နဂိုကတည်းက ပြည်တွင်းမီဒီယာတွေနဲ့တွေ့ဖို့ စီစဉ်နေတာကြာပြီ။ သမ္မတကြီး အချိန်အားမရတာနဲ့။ ပြည်ပကကျတော့ သီးသန့် သူ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သွားတော့ အဆင်ပြေပြဖြစ်သွားတာပေါ့။ ပြည်တွင်းမှာ အုပ်စုလိုက်ကြီးကို အချိန်ပေးဖို့ သမ္မတ အားလပ်တဲ့အချိန်ဖြစ်နေလို့။ အခုကြိုသတင်းပို့ပြီး လုပ်တာဆိုတော့ ဒီရက်ပေးမယ်ဆိုပြီး ပေးတာပါ။” အချိန်ကန့်သတ်ချက်တို့၊ မေးခွန်းကန့်သတ်ချက်တို့ ရှိပါသလား။ “မွေးခွန်းကတော့ ကန့်သတ်ချက်မရှိဘူး။ အချိန်က အကန့်အသတ်ရှိတယ်။ ကျနော်တို့မှန်းတာက အလွန်ဆုံး တနာရီကျော် ၂ နာရီဆိုတော့ ဒါတောင် တော်တော်များနေပြီ။ အမေရိကန်တို့ဆို ပြီးတာနဲ့ သတင်းစာရှင်းပွဲလုပ်ရင် အလွန်ဆုံး ၁၀ ခုလောက်ပေါ့။ အဲလို လုပ်သွားတယ်။ ဒါပေမယ့် အခုဟာက အချိန်ပေးပြီး သီးသန့်တွေ့တာဆိုတော့ စိတ်ကြိုက်မေးခွန်း မေးလို့ရမှာပါ။ မေးခွန်းကတော့ ကန့်သတ်မထားဘူး။ ဒါပေမယ့် အရှေ့က မေးသွားတဲ့မေးခွန်းကို အချိန်ကလည်း အကန့်အသတ်ရှိတယ်ဆိုရင် ရှေ့ကမေးပြီးသားမေးခွန်းကို နောက်လူက အလားတူမေးခွန်းမျိုး မမေးတာကတော့ ကောင်းတယ်။” သတင်းဌာနတခုကို ဘယ်နှယောက်တက်ရမယ်ဆိုပြီး ကန့်သတ်ထားလား။ “အဲလိုတော့ ကန့်သတ်မထားပါဘူး။” သမ္မတ သတင်းစာရှင်းလင်းပွဲ လိုက်ပါ သတင်းယူလိုသူတွေဟာ ရန်ကုန်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးကိုကို (စက်မှု) နဲ့ သဗွိုင့်စ်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ထံ ဆက်သွယ် စာရင်းပေးနိုင်ကြကြောင်းလည်း သိရပါတယ်။ သမ္မတ သတင်းစာရှင်းပွဲ လုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် ပြည်တွင်း မီဒီယာတချို့က ပြည်သူတွေ သမ္မတကို မေးလိုတဲ့ မေးခွန်းတွေရှိရင် သူတို့ထံ ပေးပို့ကြဖို့ အွန်လိုင်းစာမျက်နှာတွေပေါ်ကနေ ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up