ကသာမြို့နယ်တွင် နွေစပါး ဧက ၁၆၀၀ ကျော်စိုက်ပျိုးနိုင်ပြီ

လွန်ခဲ့တဲ့ ၈နှစ်ကျော်လောက် နွေစပါးစိုက်ပျိုးလို့မရခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ရေနက်ကွင်းတွေ ပြန်ဖော်ထုတ်နိုင်တာကြောင့် နွေစပါး ဧက ၁၆၀၀ ကျော် စိုက်ပျိုးနိုင် ပြီဖြစ်ပါတယ်။
ကသာမြို့နယ်အတွင်းက ပုံစံ ၇ ရထားတဲ့ လယ်မြေဧက ၂၀၀၀ ခန့်မှာ နှစ်စဉ်ရေနစ်မြုပ်တဲ့အတွက် စိုက်ပျိုးလို့မရရှိခဲ့ရာက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ တိုင်းအစိုးရရဲ့ ရန်ပုံငွေကျပ်သိန်း ၂၇၀ နဲ့ ရေနက်ကွင်းကို ပြန်လည်ဖော်ထုတ်ပေးတဲ့အတွက် ဒီနှစ်က နွေစပါး စတင်စိုက်ပျိုးနိုင်လာတာပါ။
ကျန်ရှိတဲ့ ရေနက်ကွင်း ၁၅ ရာခိုင်နှုန်းလောက်ကတော့ ရေထုတ်ပေါက်ထက်ကို နိမ့်နေတာကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိသေးပါဘူး။
ရေနက်ကွင်းက ကသာမြို့နယ်၊ ဘွက်အုပ်စု၊ ဝက်တူးအုပ်စု၊ ကူးကာအုပ်စု စတဲ့ ၃ အုပ်စုရှိ ကျေးရွာ ၉ ရွာက တောင်သူ ၂၅၀ ကျော်ပိုင်ကာ ၈ နှစ်ကျော်ကြာရေနှစ်မြုပ်ခဲ့တဲ့အတွက် တနှစ်မှာ တသီးသာ စိုက်ပျိုးနိုင်ပြီး မုယင်းစပါးကိုသာ အဓိက စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ရေနက်ကွင်းဖော်ဆောင်နေမှုကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်က တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းနဲ့ ဒေသခံတွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက "ပြီးခဲ့ တိုင်းလွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေးတုန်းက ပြန်လည်ဖော်ထုတ်ပေး နိုင်ဖို့ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့တာပါ။ အခုဆို ပြန်စိုက်နိုင်တဲ့အတွက် ဒေသခံတွေလည်း ဝမ်းသာနေကြပါတယ်။ ပြီးတော့ ဒေသရဲ့ ဆန်စပါးဖူလုံမှုကလည်း အများကြီး အထောက်အကူပြုမှာဖြစ်တယ်။ ဒါတွေ စိုက်မရတဲ့အချိန်က ဆန်ဝယ်စားရတာ။ စပါးပြန်စိုက် နိုင်တော့ ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်။ ဝင်ငွေရမယ်။ ဆန်စပါးဖူလုံ လာမယ်ပေါ့။ပြည်သူတွေအဆင်ပြေလာတော့ မေးခွန်းမေးရကျိုး နပ်တာပေါ့ဗျာ။"လို့ ပြောပါတယ်။
အရင်က စပါးစိုက်ပျိုးမရတဲ့အတွက် ဒေသတွင်း အလုပ်အကိုင်နည်းပါးလို့ ရွှေတော၊ ကျောက်တောနဲ့ တခြားဒေသတွေကိုထွက်ကာ အလုပ်လုပ်ခဲ့ကြရပြီး အခုအခါမှာတော့ စပါးပြန်စိုက်လို့ ရပြီဖြစ်တဲ့အတွက် နေရပ်ပြန်လာသူတွေလည်း ရှိပါတယ်။
ဒေသခံတောင်သူတဦးက "၈ နှစ်လောက် စိုက်မရခဲ့တဲ့နေရာကို အစိုးရကနေ ငွေကုန်ကြေးကျခံပြီး ပြန်ရိုက်လို့ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက ပြည်သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ စာရင်းတွေအရ တိုင်းအတွင်းမှာ အသားတင်စိုက်ပျိုး နိုင်တဲ့ မြေဧက ၄၆.၁၆ သိန်းရှိပါတယ်။ ဆန်ဖူလုံမှုအနေနဲ့ ၂၀၁၇-၁၈ဘဏ္ဍာနှစ်မှာ မိုးစပါး၊ နွေစပါးအထွက်တင်းပေါင်း ၁၉၅၅.၇ သိန်းရှိခဲ့ပြီး တင်းပေါင်း ၁၀၈၉.၇ သိန်းပိုလျှံလို့ ၂၂၆ ရာခိုင်နှုန်း ဝမ်းစာဖူလုံခဲ့တယ်လို့ သိရပါတယ်။