နယ်စပ်စည်းရိုး ကျော်တက် ဖြတ်ကူးခဲ့သူများ အမေရိကန် အရာရှိများထံ အဖမ်းခံ

မက္ကဆီကိုနိုင်ငံအတွင်း မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်က တီဟွာနာနဲ့ ကွေဒက်ဒ်ဟွာရက်ဇ်မြို့တွေက နယ်စပ်စည်းရိုးတွေကို ကျော်တက် ဖြတ်ကူးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဧပြီ ၁ ရက်က အမေရိကန်နယ်စပ် ကင်းလှည့်ရေး အရာရှိတွေဆီမှာ အဖမ်းခံခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ ခိုလှုံခွင့်ရဖို့ လျှောက်လွှာတင်တာထက် ပိုမြန်မယ်လို့ သူတို့က မျှော်လင့်ထားကြတာပါ။ အမေရိကန် အစိုးရကတော့ မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီး ခရီးနှင်လာတဲ့ အလယ်အမေရိက နိုင်ငံတွေက ခိုလှုံခွင့် တောင်းခံသူတွေ အရေးကို ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဖြေရှင်းမယ့်အစား တုံ့ပြန်တဲ့အနေနဲ့ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာနဲ့ ဟွန်ဒူးရပ်စ် နိုင်ငံတွေအတွက် အထောက်အပံ့တွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အခြေအနေကို ပိုဆိုးစေလိမ့်မယ်လို့ အမေရိကန် ဒီမိုကရက်ပါတီက သတိပေးခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေ ခိုလှုံခွင့်ရဖို့ ပိုခက်အောင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လုပ်ခဲ့တာပါ။ ခိုလှုံသူတွေ ဝင်လာမယ့် နယ်စပ်တွေမှာ လူဝင်ရောက်မှု ဟန့်တားရေး ပိုခက်တဲ့စနစ်ကို ထရမ့်က သုံးနေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်ကို မရောက်အောင် မက္ကဆီကိုက တားမပေးရင် လာမယ့်သီတင်းပတ်မှာ နယ်စပ်တွေကို ပိတ်ပစ်မယ်လို့ ထရမ့်က မတ်လ ၂၉ ရက်မှာ ပြောပါတယ်။ တောင်ပိုင်းနယ်စပ်ကို တကယ်လို့ ပိတ်ခဲ့မယ်ဆိုရင် အမေရိကန်ဒေါ်လာ ဘီလျံချီတဲ့ ကုန်သွယ်ရေးနဲ့ သန်းချီတဲ့ တရားဝင် နယ်စပ်ဖြတ်ကူးမှုတွေ အနှောင့်အယှက် ဖြစ်ကုန်မှာပါ။ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးကတော့ မက္ကဆီကိုဟာ ခြိမ်းခြောက်မှုကြောင့် အရေးယူ ဆောင်ရွက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ မတ်လ ၂၉ ရက်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up