နာမည်ကြီး ထိုင်းရုပ်ရှင်ကို ပြန်ရိုက်ထားသည့် ဘောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် – Notebook (နမူနာ)

ဘောလိဝုဒ် အချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Notebook ရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ ဘောလိဝုဒ် သရုပ်ဆောင်မင်းသား Salman Khan ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Salman Khan Films က တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Nitin Kakkar က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Teacher’s Diary အမည်ရတဲ့ နာမည်ကြီး ထိုင်းရုပ်ရှင်ကားကို ပြန်လည်ရိုက်ကူး ပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ပြန်အရာရှိဟောင်းတယောက်ဖြစ်တဲ့ Kabir ဟာ ကက်ရှ်မီးယားဒေသထဲက ဆိုးဝါးတဲ့ အခြေအနေတခုနဲ့ စာသင်ကျောင်းလေးဆီ ကျောင်းဆရာတယောက်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားလေးတွေက သူ့ကို လက်ခံကြိုဆိုကြပါ့မလား။ တချိန်တည်းမှာပဲ Kabir ဟာ အဲဒီကျောင်းမှာ သူ့အရင် တာဝန်ကျခဲ့တဲ့ ဆရာမတဦးရဲ့ မှတ်စုစာအုပ်လေးကို တွေ့သွားခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ အဲဒီထဲမှာရော ဘာတွေ ရေးထားခဲ့မလဲ။ သူတို့နှစ်ဦးကြားက အချစ်၊ အလွမ်း၊ ဒရာမာဆန်ဆန် ထူးဆန်းတဲ့ ဇာတ်လမ်းကရော ဘယ်လိုအဆုံးသတ်သွားလိမ့်မလဲ ဆိုတာတွေကို လှပတဲ့ ရှုခင်း မြင်ကွင်းတွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဘောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီး နှစ်ဦးဖြစ်ကြတဲ့ Zaheer Iqbal နဲ့ Pranutan Bahl တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘောလိဝုဒ်ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ကားထဲမှာလည်း ဂီတ၊ အက အလှတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး သီချင်းပုဒ်ရေ ၆ ပုဒ်ထိ ထည့်သွင်းအသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိပြီး ဟင်ဒီစကားပြော ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.6 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up