မိတ္ထီလာအကျဉ်းထောင်ဝန်ထမ်း ၁ဦးထံက စိတ်ကြွဆေးပြား ၈ပြားဖမ်းမိ
DVB
·
April 2, 2019
မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်မှာ ဧပြီ ၁ရက် နေ့လယ်က အကျဉ်းဦးစီးဝန်ထမ်းတဦးထံက စိတ်ကြွဆေးပြား ၈ပြား တွေ့ရှိလို့ ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ မိတ္ထီလာအကျဉ်းဦးစီးဌာနက ပြောပါတယ်။
မိတ္ထီလာအကျဉ်းဦးစီးဌာန လက်ထောက်ညွှန်မှူးဦးခင်ရွှေက "ဝန်ထမ်းတဦး ဆီက စိတ်ကြွဆေးပြားတွေ့လို့ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဝန်ထမ်းအသစ်ပါ လုပ်သက် ၂လပဲ ရှိပါသေးတယ်။ ဌာနကဖွင့်တဲ့ သင်တန်းတောင် မတက်ရသေးပါဘူး။ တန်းစီတိုင်း ဥပဒေနဲ့ မလွတ်တာတွေကို မလုပ်ကြဖို့ အမြဲညွှန်ကြား ပြောပြပါတယ်။ မလိုက်နာတော့ ဒုက္ခရောက်တာပေါ့ဗျာ" လို့ ဒီဗွီဘီကို ပြောပါတယ်။
မိတ္ထီလာအကျဉ်းဦးစီးဌာန အိပ်ဆောင်ကင်းတာဝန်ကျ တပ်သား ဇွဲဝေပိုင် (၁၉နှစ်)ဟာ တာဝန်ထမ်းဆောင်ဖို့ အကျဉ်းဦးစီးတံခါးမကြီးက ဝင်လာစဉ် လုံခြုံရေးတာဝန်ရှိသူတွေက ခန္ဓာကိုယ်ကို ရှာဖွေစစ်ဆေးရာမှာ ပါးစပ်အတွင်း ငုံလာတဲ့ အရာတခုကို ဝါးလိုက်တဲ့အတွက် ဆက်မဝါးစေဘဲ ထွေးထုတ်ခိုင်းခဲ့ရာက ပလပ်စတစ်အအေးစုပ်ပိုက် ၁ချောင်းမှာ ဆေးပြား ၄ပြားပါ ပိုက် ၂ချောင်းကို အဖြူရောင်တိပ်ပတ်လျက် ကြေမွနေတဲ့ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့ပါတယ်။
မိတ္ထီလာမြို့မရဲစခန်းရဲအရာရှိတဦးက "စိတ်ကြွဆေးပြား ၈ပြား တွေ့ရှိဖမ်းမိပါတယ်။ ဆက်စပ်ကွင်းဆက် တရားခံတွေဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေပါတယ်" လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်း တပ်သားဇွဲဝေပိုင်ကို မိတ္ထီလာမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့် အရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း