Home
မြန်မာသတင်း
ကရင်ပြည်နယ်အစိုးရက ဆိုင်ကလိုပက်ကုမ္ပဏီကို နာမည်ပျက်စာရင်းသွင်း  
DVB
·
April 2, 2019
ဆိုင်ကလိုပက်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတဲ့ သံကူကွန်ကရစ်ကျောင်းဆောင် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ကရင်ပြည်နယ်အစိုးရက blacklist နာမည်ပျက်စာရင်းထည့်သွင်းလိုက်ပါတယ်။ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၊ ပြောင်သိုကျေးရွာမှာ ဆိုင်ကလိုပက်(GZTB) ကုမ္ပဏီက ဆောက်လုပ်နေတဲ့ သံကူကွန်ကရစ် ကျောင်းဆောင်ခုချိန်ထိ  မပြီးသေးတဲ့အပေါ် ဘယ်လို အရေးယူ ဆောင်ရွက်သွားမှာကို သိရှိလိုကြောင်း သံတောင်ကြီးမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့်က ဧပြီ ၁ ရက်နေ့ ကရင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ကုမ္ပဏီကို အရေးယူထားပြီးဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးတေဇထွဋ်လှိုင်ထွေး ဖြေကြားသွားပါတယ်။ “ဆိုင်ကလိုပက်(G Z T B)ကုမ္ပဏီကို စာချုပ်ပါစည်းကမ်းအတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက် blacklist လယ်ဂျာစာအုပ်မှာ ထည့်သွင်းပြီး အရေးယူခဲ့တဲ့အပြင် အာမခံကြေး ပီတီတန်ဘိုး ကျပ် ၁၈ သိန်းကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးနိုင်ရေး ကုမ္ပဏီကို စာဖြင့်ပေးပို့ထားပြီးကုမ္ပဏီကထုတ်ယူခွင့်မရှိအောင် အရေးယူထားပြီးဖြစ်တယ်” သံတောင်ကြီးမြို့နယ်အတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ဆိုင်ကလိုပက်(G Z T B)ကုမ္ပဏီက ပေ ၆၀၊ ပေ ၃၀ သံကူကွန်ကရစ်ကျောင်းဆောင်ကို ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၃၆၀ နဲ့ တင်ဒါအောင်မြင်ပြီး တည်ဆောက်ခဲ့ရာမှာ ၇၅ ရာခိုင်နှုန်းပဲပြီးစီးခဲ့လို့  အရေးယူခဲ့တာပါ။ သံတောင်ကြီးမြို့နယ်ထဲမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြဌေးကြွယ်လင်းကုမ္ပဏီက အ.မ.က ကျောင်းကုန်းနဲ့ အ.မ.က လက်ဖက်အင်းအောက်က ကျောင်းအဆောက်အဦတွေ ဆောက်ရာမှာ ဒေသထွက် တောသစ်တွေကို မျက်နှာကျက်အသုံးပြုထားတဲ့အတွက် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ကိုက်ညီမှုမရှိလို့ စစ်ဆေးရေးအဖွဲ့နဲ့ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးသွားမယ်လို့ လည်း ၀န်ကြီးက ပြောပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024