A d v e r t i s e m e n t With Us

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖားကန့်တွင် ၆ ဦး သေဆုံး

ကချင်ပြည်နယ်ပြည် ဖားကန့်မြို့နယ် မှော်မောင်ကုန်းရွာမှာ မနေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆယ်အိမ်မှူးအပါအ၀င် ရွာသား  ၆ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။ မှော်မောင်ကုန်းကျေးရွာဘက်ကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာ ၂ ရက်လောက်ရှိပြီဖြစ်ပြီး မနေ့ည ၁၀ နာရီကျော်လောက်မှာတော့ ဆယ်အိမ်မှူး တိုးအောင်အိမ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အခုလို ရွာသားတွေ ထိခိုက်သေဆုံးရတာလို့  ဖားကန့်မြို့ ခရစ်ယာန်သင်းအုပ်ဆရာ နော်ဂျာက ပြောပါတယ်။ “တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ အစိုးရတပ်ဗျူဟာကနေ လက်နက်ကြီးတွေနဲ့ ၂ ညရှိပြီ။ ည ၁၀ နာရီ ၁၅ ကနေစပြီး လက်နက်ကြီးနဲ့ ထုတဲ့အချိန်မှာ အရပ်သား ၆ ယောက် သေသွားပြီ။ ဒဏ်ရာရသူက ၅ ယောက်။ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ထုတာ။” သေဆုံးဒဏ်ရာရသွားသူတွေဟာ မကြာသေးခင်ကမှ ဖားကန့်မြို့ ဒုက္ခသည်စခန်းမှာ နေထိုင်ပြီး ရွာပြန်သွားသူတွေဖြစ်ပါတယ်။ ဆေးရုံပေါ်မှာ ကုသနေရတဲ့သူ ၅ ဦးဟာ   ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်လို့လည်း သင်းအုပ်ဆရာက ပြောပါတယ်။ အစိုးရတပ်တွေအနေနဲ့ ဘာကြောင့် ရွာကို ပစ်ခတ်တိုက်ခိုက်ရလဲဆိုတာကို မသိပေမယ့် အဲဒီဒေသတ၀ိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေတပ်)တွေ နေရာချထားတာ ရှိတယ်လို့ ဖားကန့်မြို့နယ်မှာ တာဝန်ကျတဲ့ ကေအိုင်အေ စစ်ကြောင်းမှူးတဦးက ပြောပါတယ်။ “ကချင်ရွာတွေထဲ လက်နက်ကြီးတွေနဲ့ ထုတော့ ရွာသားတွေ ထိသွားတာ။ သူတို့ ဘယ်လို စိတ်ကူးပေါက်ပြီး ထုကြတာလဲမသိဘူး။ ရွာသားတွေလည်း အကုန်လုံး လာနေကြတာ သိလျက်နဲ့ သူတို့ထုတာ။ သူတို့ ခံယူချက်ကို သဘောမပေါက်ဘူး။ သူတို့လုပ်တာ နားလည်း မလည်ဘူး။” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်မြို့နယ် ​၅ ​မိုင်စခန်းမှာ ​ဗုံးတလုံး ​ပေါက်ကွဲခဲ့တဲ့အတွက် ​နဝမတန်းကျောင်းသူတဦးနဲ့ ဖခင်ဖြစ်သူ​တို့ ဒဏ်ရာရပြီး ​မြစ်ကြီးနား ဆေးရုံမှာ အရေးပေါ် ​ဆေးကုသမှု ​ခံယူနေရတယ်လို့ သိရပါတယ်။ မြန်မာအစိုးရတပ်တွေနဲ့ ကေအိုင်အေ​တပ်ဖွဲ့တွေဟာ ​မနှစ် ​ဇွန်လကစလို့ ​နှစ်ဖက် ​အပြန်အလှန် ပစ်ခတ်​တိုက်ခိုက်မှု တွေဖြစ်ပွားခဲ့တာပါ။ အောက်တိုဘာ လဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ နည်းပါးသွားပြီး ခုရက်ပိုင်း သေနတ်သံတွေ ပြန် ​ကြားနေရတာလို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ ခုရက်ပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်  လဆန်းပိုင်းက ဖားကန့်ဒုက္ခသည်စခန်းကနေ ပြန်သွားတဲ့ ရာနဲ့ချီတဲ့ ရွာသားတွေဟာ ဒီမနက် ဖားကန့်မြို့ပေါ် ပြန်လည်ခိုလှုံလာတယ်လို့ ဆရာနော်ဂျာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up