Home
မြန်မာသတင်း
စစ်တွေနှင့်မြောက်ဦးခရိုင်ရှိ  ၅ မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
April 2, 2019
တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ် ၅မြို့နယ်မှာ ပြည်နယ်အစိုးရက   ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်တွေခရိုင်က ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးခရိုင်က ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့မှာ ည ၉နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထိခိုက်ကျဆင်းမှု မဖြစ်စေဖို့ အုပ်ချုပ်ရေးယန္တရား ခိုင်မာစွာတည်ဆောက်နိုင်ဖို့ ညမထွက်ရအမိန့်ကို ထုတ်ပြန်တာလို့ ဧပြီ ၁ ရက်စွဲနဲ့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ စာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ညမထွက်ရအမိန့်ထုတ်ပြန်ရတာလို့လည်း စာထဲမှာ ဖော်ပြပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲတခုမှာ ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာဖို့ မရှိသေးဘူးလို့ သမ္မတရုံးပြောခွင့်ရသူက ပြောပြီးတဲ့နောက် ပြည်နယ်ဘက်က ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ(ရက္ခိုင့်တပ်မတော်)တို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး မတ်လကုန်အထိ တိုက်ပွဲပေါင်း ၁၃၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ပြည်နယ်အတွင်း အေအေတပ်ဖွဲ့က လူနေအိမ်ခြေတွေကိုအခြေပြုပြီး ပျောက်ကျား စနစ်နဲ့ တိုက်နေလို့ ရခိုင်တိုက်ပွဲ ရှည်ကြာနိုင်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024