မဲရုံအားလုံး၏ ထက်ဝက်ခန့်တွင် မဲစာရင်းမပါ၍ မဲဆန္ဒရှင်များ မဲထည့်ခွင့်မရ
အောင်သူ
·
April 1, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေမဲပေးဖို့ မဲရုံကိုလာခဲ့ကြပေမယ့် မဲစာရင်းမှာမပါလို့ ပြန်သွားရတဲ့ သူတွေဟာ မဲရုံအားလုံးရဲ့ ထက်ဝက်နီးပါးမှာဖြစ်ပွားခဲ့တယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ PACE အဖွဲ့က ထုတ်ပြန်ပါတယ်။
မဲရုံတွေရဲ့ ၈၇ ရာခိုင်နှုန်းကပဲ လျို့ဝှက်မဲပေးခွင့်ရခဲ့ပြီး ၁၁ ရာခိုင်နှုန်းလောက်က မဲပေးရာမှာ လျို့ဝှက်မဲပေးခွင့်မရဘူးလို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မဲရုံတွေရှိတဲ့တည်နေရာ အတိအကျကို ဖော်ပြမထားတာ ကြောင့်လည်း စောင့်ကြည့်သူတွေအတွက် အခက်ခဲဖြစ်စေတယ်လို့ PACE အဖွဲ့ ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲကျင်းပတဲ့မြို့နယ် ၃၃ မြို့နယ်ကို စောင့်ကြည့်လေ့လာသူ ၃၇၈ ဦးနဲ့စောင့်ကြည့်ခဲ့ပြီး ဒီကနေ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခဲ့ရတဲ့ အကြောင်းရင်းကိုလည်း သုတေသန လုပ်သွားဖို့ရှိတယ်လို့လည်း ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
မတ်လ ၃၁ရက်က ကျင်းပပြီးစီးသွားတဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့် ၆ နေရာစလုံးကို အန်အယ်လ်ဒီပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေက ရွေးချယ်ခံခဲ့ရပါတယ်။
မြို့နယ်အဆင့် စည်ပင်ကော်မတီဝင် ၉၉နေရာရွေးချယ်ရာမှာလည်း ၈၄နေရာကို အန်အယ်လ်ဒီပါတီ ကိုယ်စားပြုဝင်ပြိုင်သူတွေကပဲ အနိုင်ရခဲ့ပြီး ၁၅နေရာကိုတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရခဲ့ပါတယ်။