A d v e r t i s e m e n t With Us

စာရေးဆရာမနွယ်သာဂီကို အရေးယူရန် တပ်မတော်အမှုဖွင့်

တိမ်ညိုရဲကင်းစခန်းမှူး ပစ်သတ်ခံရတဲ့ကိစ္စ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တဲ့ စာရေးဆရာမနွယ်သာဂီကို အရေးယူဖို့ အမှုဖွင့်ထားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မတ်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၉ မတ်လ ၂၃ ရက်ညက မြောက်ဦးမြို့နယ်မှာ တိမ်ညိုရဲကင်းစခန်းမှူး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ စာရေးဆရာမ နွယ်သာဂီဆိုသူ အမျိုးသမီးတစ်ဦးက “တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားရန်ရည်ရွယ်၍” မဟုတ်မမှန်လုပ်ကြံ Live ထုတ်လွှင့်ဖော်ပြပြောဆိုခဲ့တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဒီကိစ္စ လက်တွေ့မြေပြင်စုံစမ်း စစ်ဆေးရာမှာ စာရေးဆရာမနွယ်သာဂီဟာ  ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ နေထိုင်ခြင်းမရှိဘဲ လားရှိုးမြို့မှာ နေထိုင်ကာ ထွက်ပြေး တိမ်းရှောင်နေတယ်လို့လည်းဆိုပါတယ်။ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လှဟာ  မတ်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ရဲစခန်းအနီးရှိထမင်းဆိုင်တဆိုင်မှာ ထမင်းစားနေစဉ်  သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံဟာ ဘယ်သူလဲဆိုတာ ရဲစခန်းတာဝန်ရှိသူတွေက ပြောဆိုခဲ့ခြင်းမရှိသလို  မီဒီယာတွေကလည်း လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့ ရေးသားဖော်ပြခဲ့ကြတာပါ။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး  ပျောက်ဆုံးနေတဲ့ အမှန်တရားကို အများသိအောင် လုပ်ဆောင်တာလို့ စာရေးဆရာမ နွယ်သာဂီက ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက် Live ထုတ်လွှင့်ပြီး ပြောပါတယ်။ “ကိုယ့်ရဲ့ ဌာနက စခန်းမှူးတယောက် ပစ်သတ်ခံရတာကို ဘယ်သူဘယ်ဝါ ပစ်သတ်တယ်လို့ ဘာလို့ အမှန် တရားကို မပြောရဲတာလဲ။ ဒါဟာ လူမျိုးရေး အမုန်းပွားမှုမဟုတ်ဘူး။ တပ်မတော်ကို စော်ကားတာ မဟုတ်ဘူး။ ဒါဟာ တပ်မတော် တခုလုံးနဲ့ မဆိုင်ဘူး။ ကျမပစ်သတ်ရင် ပစ်သတ်တယ်ပေါ့။ မောင်ဖြူပစ်သတ်ရင်မောင်ဖြူ ပစ်သတ်တယ်ပေါ့။ မောင်နီပစ်သတ်ရင်မောင်နီပေါ့။  ဒါကို ဘာဖြစ်လို့ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ဘာလို့ ပြောရတာလဲ”လို့ စာရေးဆရာမ နွယ်သာကီက ပြောပါတယ်။ စာရေးဆရာမ နွယ်သာကီကို အရေးယူဖို့ အမှုဖွင့်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့်  ဘယ်ရဲစခန်းမှာ ဘယ်အမှုနဲ့ တရားစွဲဆိုထားတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိသေးပါဘူး။ ဓာတ်ပုံ- Nielin Tun

A d v e r t i s e m e n t With Us

More News
Up