မင်းကိုနိုင် မွေးနေ့ပွဲနှင့် ထိန်လင်းအခမဲ့ဆေးခန်း ဖွင့်လှစ်ပွဲ ကျင်းပ

2.1K
ဒီနေ့ကျရောက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ရဲ့ အသက် (၅၀) ပြည့်မွေးနေ့ကို ရန်ကုန်မြို့ ယုဇနဥယာဉ်မြို့တော်မှာ ကျင်းပခဲ့ပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာ ထိန်လင်းကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဆိုင်းဘုတ်တင်ပွဲ ကွန်ပျူတာ သင်တန်းဖွင့်ပွဲနဲ့အတူ ဦးမင်းကိုနိုင်ရဲ့ အသက် ၅၀ ပြည့် မွေးနေ့ပွဲကို ပူးပေါင်းကျင်းပ သွားခဲ့တာ ဖြစ် ပါတယ်။
မနက် ၉ နာရီမှာ ထိန်လင်း ကုသိုလ်ဖြစ်ဆေးခန်းကို ဦးမင်းကိုနိုင်နဲ့အတူ နာရေးကူညီမှုအသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အသီးသီး အမှတ်တရစကား ပြောခဲ့ကြပါတယ်။
မွေးနေ့ပွဲမှာ ဦးမင်းကိုနိုင်က သူ့ရေးဆွဲထားတဲ့ ပန်းချီကားမိတ္တူကို လက်မှတ်ထိုးရောင်းချပြီး ကွန်ပျူတာသင်တန်းအတွက် လှူဒါန်းပေးသွားခဲ့ပါတယ်။
သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ထိန်လင်းကုသိုလ်ဖြစ် ဆေးခန်းအတွက် အလှူငွေ ၅ သိန်းလှူဒါန်းခဲ့သလို နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကလည်း လစဉ်ဆေးဝါး ၁ သိန်းဖိုးကို လှူဒါန်းပေးခဲ့ကြပါတယ်။
ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်နေသူတွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင် ပူးပေါင်းကြဖို့ကိုလည်း မွေးနေ့မှာ ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်သလို မေတ္တာရှင် အမည်နဲ့ သွေးလှူအဖွဲ့ကို ပထမဦးဆုံး သွေးအလှူအရှင်အဖြစ် ပါဝင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။
အခမ်းအနားနဲ့မွေးနေ့ပွဲမှာ ကဗျာဆရာတွေကလည်း အမှတ်တရကဗျာတွေ ရွတ်ဖတ်သွားခဲ့ပြီး BG သွေးအကူညီပေးရေးအဖွဲ့နဲ့အတူ ဦးမင်းကိုနိုင်က သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
(ဓာတ်ပုံ- အောင်စိုးထိုက်)
Read more