မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ် အဂတိလိုက်စားမှုအတွက် တရားရုံးစစ်ဆေးမှု ပြန်စမည်

1.1K
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ အဂတိလိုက်စားမှုအတွက် တရားရုံးစစ်ဆေးမှုတွေကို ဧပြီ ၃ ရက်မှာ ပြန်စမှာ ဖြစ်ပါတယ်။
မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB ကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ခိုးယူမှုကို ပြန်စုံစမ်း စစ်ဆေးမယ်လို့ မဟာသီယာရဲ့ မလေးရှားအစိုးရက ကတိပြုထားတာပါ။
မနှစ်က မေလမှာ ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အစိုးရက အမြန်တရားစီရင်မယ်လို့ ကတိပြုထားပေမယ့် ၂ လကြာ တရားစီရင်ရေး နှောင့်နှေးနေခဲ့ပါတယ်။
တရားရုံးမှာ မစစ်ဆေးခင် အကြိုကြားနာပွဲတွေအတွက် အယူခံဝင်နေခဲ့လို့ နာဂျစ်ကို တရားရုံးတွင်း စစ်မေးရေးဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ စရမယ့်အစား ကြန့်ကြာနေခဲ့တာပါ။
1MDB အုပ်စုအောက်က SRC International ကနေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းကို သူ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲ သံသယဖြစ်ဖွယ် လွှဲယူမှုအတွက် အာဏာအလွဲသုံးစားမှု၊ ငွေကြေးခဝါချမှု၊ ယုံကြည်မှုကို ရာဇဝတ်သင့်တဲ့အထိ ချိုးဖောက်မှု အပါအဝင် စွဲချက် ၇ ချက်နဲ့ နာဂျစ် ရင်ဆိုင်နေရတာပါ။
သူကတော့ အပြစ်မရှိဘူးလို့ ငြင်းပေမယ့် 1MDB နဲ့ ပတ်သက်မှု အများစုဖြစ်တဲ့ ရာဇဝတ်မှု စွဲချက်ပေါင်း ၄၂ ခုကို နာဂျစ်က ရင်ဆိုင်နေရပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ရင်ဆိုင်ရမှာပါ။
၂၀၀၉ ခုနှစ်က နာဂျစ် တည်ထောင်တဲ့ 1MDB နဲ့ ပတ်သက်တဲ့ ငွေကြေးခဝါချမှုနဲ့ လာဘ်စားမှုတွေကို စင်ကာပူ၊ ဆွစ်ဇာလန်နဲ့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံထက် မနည်းက စုံစမ်းစစ်ဆေးနေပါတယ်။
ရန်ပုံငွေထဲက ခိုးထားတဲ့ငွေတွေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်၊ ဇိမ်ခံအိမ်တွေ၊ ပီကာဆိုနဲ့ မိုနေးတို့ရဲ့ အနုပညာလက်ရာတွေနဲ့ နာဂျစ်ရဲ့ဇနီးအတွက် လက်ဝတ်လက်စားတွေ ဝယ်ခဲ့ကြတယ်လို့ အမေရိကန် တရားသူကြီးတွေက ပြောထားပါတယ်။