ပရီးမီးယားလိဂ်တွင် အဆိုးရွားဆုံးဒိုင်များ ရှိနေဟု ကာဒစ်နည်းပြ ဝေဖန်

ပရီးမီးယားလိဂ်ဟာ အကောင်းဆုံးပြိုင်ပွဲဖြစ်ပေမယ့် အဆိုးရွားဆုံးဒိုင်တွေ ရှိနေတယ်လို့ ကာဒစ်နည်းပြ ဝါနော့ခ်က ဝေဖန်လိုက်ပါတယ်။ ကာဒစ်စီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးတွေနဲ့ ပတ်သက်လို့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှား ပါဝင်နေတယ်လို့ ဝါနော့ခ်က ပြောပါတယ်။ အဲဒီပွဲစဉ်မှာ ကာဒစ်စီးတီးက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ပွဲချိန် ၈၄ နဲ့ မိနစ် ၉၀ မှာ ချဲလ်ဆီးအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အက်ဇ်ပီလီကျူတာ သွင်းယူခဲ့တဲ့ ချေပဂိုးဟာ လူကျွံအနေအထားကနေ သွင်းခဲ့တာနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အနီကတ်ပြသခြင်း မရှိခဲ့တာတွေကို ကာဒစ်နည်းပြ ဝါနော့ခ်က ကျေနပ်ခြင်းမရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပယ်နယ်တီနှစ်လုံးလောက်လည်း ရသင့်ပေမယ့် မပေးခဲ့တာတွေအတွက် နည်းပြဝါနော့ခ်က ဝေဖန်သွားခဲ့တာပါ။ ကာဒစ်အသင်းဟာ ချဲလ်ဆီးကို ရှုံးခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့အတွက် အဆင့် ၁၇ က ဘန်လေနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။

More News
Up