မန္တလေးသင်္ကြန်တွင် လူငယ်နှင့် ကလေးသံချပ်အဖွဲ့များ ပါဝင်ယှဉ်ပြိုင်မည်
Aung Aung Naing
·
April 1, 2019
အခုနှစ်ကျင်းပမယ့် မန္တလေးမြို့ မဟာသင်္ကြန်ပွဲတော်မှာ လူငယ်နှင့် ကလေးသံချပ်အဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။
အောင်မြေသာစံမြို့နယ်မှာ အောင်စံမောင် ကလေးသံချပ်အဖွဲ့ကလည်း ပထမဆုံးခြေလှမ်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့မနေ့ကတည်းက စတင် သံချပ်တိုက်နေ ပါတယ်။
ကလေးသံချပ်အဖွဲ့ ဦးဆောင်သူ မောင်ဝေထူးပိုင်းက “ကျနော်တို့ ရပ်ကွက်ဘုန်းကြီး ကျောင်းဝင်းထဲကို အောင်စံမောင်သံချပ်အဖွဲ့က ဦးလေးကြီးတွေ နှစ်တိုင်းလာ လာပြီး သံချပ်တိုက်ကြတာကို ကြည့်ပြီး ကျနော်လည်း ဝါသနာပါလာလို့ ကျနော်လည်းအဲလို သံချပ် ထိုးချင်တယ်ပြောတော့ ဦးလေးကြီးက မင်းတို့ဆုရအောင်ကြိုးစားရင်လုပ်ပေးမယ်ပြောတော့ ကျနော်လည်း ကြိုးစားမှာလိုပြောလို့ လူစုပေးပြီး ကျနော်တို့ကို ကလေးသံချပ်ကို ဒီနှစ်စပြီးထောင်ပေးတာပါ”လို့ ပြောပါတယ်။
ပထမဆု ၃ကြိမ်ရထားဖူးတဲ့ အောင်စံမောင်သံချပ်အဖွဲ့က ဦးဆောင်တဲ့ ကလေးသံချပ်အဖွဲ့ကို ‘တကယ်ဖောက်တဲ့ဗျောက်’လို့ အမည်ပေးထားပြီး အသက် ၁၀နှစ်က ၁၃ နှစ်အတွင်းရှိ ကလေး ၁၅ယောက်က ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ကလေးသံချပ်ကို ဦးဆောင်တဲ့ ကိုထွန်းထွန်းက “ကျန်းမာရေးကောင်းမှသာ ပညာရေး ကောင်းမှာဖြစ်လို့ ကျန်းမာရေးနဲ့ ပညာရေးကို အဓိကဇောင်းပေးထားပါတယ်။ ကလေးတွေက ဆန္ဒပြင်းပြနေတော့ အခုလို ဗျောက်အဖွဲ့ကလေး သံချပ်ဆိုပြီး စတင်လိုက်တာပါ။ လူငယ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးတဲ့သဘောပါ”လို့ ပြောပါတယ်။
၂၀၁၉ မဟာသင်္ကြန်မှာ လူငယ်သံချပ်အဖွဲ့တွေဖြစ်ကြတဲ့ အောင်မြေသာစံမြို့နယ်က ‘တကယ်ဖောက်မယ့်ဗျောက်’၊ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ‘ဟိုထိုးဒီထိုး ရွှေလက်ညိုး’၊ ပုသိမ်ကြီးမြို့နယ်က ‘သဗြွန်း’ မုံရွာမြို့က ‘ကာဒိုင်း’၊ စစ်ကိုင်းက ‘အညာကဗျာ’ စတဲ့ သံချပ်အဖွဲ့ ၇ဖွဲ့က မန္တလေးမဟာသင်္ကြန် ဗဟိုမဏ္ဍပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။