Homeမြန်မာသတင်း
ဘုန်းကြီးပျံပွဲ၌ အရက်မူးပြီး သေနတ်ပစ်ဖောက်သည့် ရဲတဦးကို ရွာသားများ ၀ိုင်းဝန်းဖမ်းဆီး
ဘုန်းကြီးပျံပွဲ၌ အရက်မူးပြီး သေနတ်ပစ်ဖောက်သည့် ရဲတဦးကို ရွာသားများ ၀ိုင်းဝန်းဖမ်းဆီး
DVB
·
April 1, 2019
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာအုပ်စု ချောင်းဝကျေးရွာမှာ မတ်လ ၃၁ ရက်က ဘုန်းကြီးပျံပွဲ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲဝန်ထမ်းတဦး အရက်မူးပြီး ပွဲခင်းအတွင်း သေနတ်ပစ်ဖောက်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်ကာ ၀ိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရဲဝန်ထမ်းဟာ ဘုန်းကြီးပျံပွဲအတွက် လုံခြုံရေးဆောင်ရွက်ဖို့ရောက်ရှိနေတာဖြစ်ပြီး ညနေ ၅ နာရီကျော်အချိန်မှာ အရက်အမူးလွန်ကာ ပွဲခင်းအတွင်းလာရောက်ပြီး သေနတ် တချက်ပစ်ဖောက်ခဲ့တာလို့ ပွဲလုံခြုံရေးတာဝန်ရှိသူက ပြောပါတယ်။
ပွဲလုံခြုံရေး ကူညီဆောင်ရွက်ပေးနေသူ ကိုချိုလေးက “ဖြစ်တာကတော့ ညနေ ၅ နာရီ ကျော်လောက်မှာ ဖြစ်တာပါ။ ရဲတယောက်က အရက်မူးပြီးတော့ ရောက်လာတယ်၊ အဲဒီ အနားမှာက ကျနော်တို့ ထိုင်နေကြတယ်။ လူတွေအများကြီးရှိတဲ့နေရာမှာ သေနတ်ကို မောင်းတင် ပြီးတော့ ပစ်လိုက်တယ်။ လူကိုထိဖို့ နည်းနည်းလောက်ပဲလိုတယ်၊ လူတွေက ထိတ်လန့်သွားကြ တာပေါ့၊ အဲဒီရဲဝန်ထမ်းကို ကျနော်တို့ ပွဲတာဝန်ခံတွေက ၀ိုင်းဝန်းဖမ်းဆီးပြီး ထိန်းသိမ်းထား ကြပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အကြာမှာ စခန်းမှူး ရောက်လာပြီးတော့ သူ့ကို ပြန်ခေါ်သွားပါတယ်”လို့ပြောပါတယ်။
ကျေးရွာသူ/ရွာသားတွေက အထင်လွဲမှားတာဖြစ်ပြီး မတော်တဆ သေနတ်ကျည်ဆန်ထွက်သွားတာဖြစ်တယ်လို့ မင်းပြင်ရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ဇော်မိုးက ပြောပါတယ်။
“ပြည်သူတွေက အထင်လွဲ တာပါ၊ ရဲကင်းက ကုန်းမှာရှိတဲ့အတွက် ကုန်းပေါ်တက်လိုက်တာ၊ တက်လိုက်တဲ့ အချိန်မှာ ချော်ပြီးတော့ လဲကျမလိုဖြစ်တယ်၊ အဲဒီမှာ ကျည်ပေါက်ထွက်သွားတယ်။ ပြည်သူကထင်တာက တမျိုးဖြစ်သွားတာပါ၊ အမှန်ကတော့ ကျည်ပေါက်ထွက်သွားတာပါ၊ ကျနော်ရောက်သွားတဲ့ အချိန်မှာတော့ အဲဒီလိုတွေ့တဲ့အတွက် ပြန်ခေါ်သွားရတာပေါ့”လို့ပြောပါတယ်။
အဆိုပါ ချောင်းဝကျေးရွာဘုန်းကြီးပျံပွဲကို မတ်လ ၂၉ ရက်ကစတင် ကျင်းပနေတာဖြစ်ပြီး ချောင်းဝကျေးရွာအနီးအနားရှိ ကျေးရွာတွေက ရွာသူ/ရွာသားတွေပါ လာရောက်နေကြတာ ဖြစ်ပါတယ်။