လူငယ်ကစားသမားအချို့ကို ဝယ်ယူရန် မန်ယူပစ်မှတ်ထား

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လူငယ်ကစားသမားအချို့ကို ဝယ်ယူသွားဖို့ ပစ်မှတ်ထားနေပြီး ခရစ္စတယ်ပဲလေစ့်အသင်းရဲ့ ဝမ်ဘစ်ဆာခါကို ထိပ်ဆုံးကခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘစ်ဆာခါဟာ ပဲလေစ့်အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးအတွက်  အသင်းက ပေါင်သန်း ၄၀ ထိ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ဟဒ်ဆန်အိုဒွိုင်းလ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရဆိုရင် နည်းပြသစ်ဆိုးလ်ရှားဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေ စုဆောင်းတဲ့ ကြယ်စင်စုစီမံကိန်းကို သဘောကျခဲ့ပြီးတော့ လူငယ်ကြယ်ပွင့်တွေနဲ့ အသင်းကို ပြန်လည်တည်ဆောက်သွားချင်နေတယ်လို့ သိရပါတယ်။ နောက်ဆုံးရ သတင်းဖော်ပြချက်တွေအရ အသင်းရဲ့ အဓိကကစားသမားတွေကို ဥရောပထိပ်သီးအသင်းတွေက ခေါ်ယူလိုနေတာကြောင့် အသင်းမှာဆက်ရှိဖို့ မသေချာတဲ့ ကစားသမားတွေနေရာမှာ အစားထိုးဖြည့်တင်းသွားဖို့ ရှိနေတာပဲဖြစ်ပါတယ်။

More News
Up