ငွေကြေးလိမ်လည်တောင်းခံသည့် ဂျပန်နိုင်ငံသား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ငွေကြေးလိမ်ညာမှုပြုလုပ်တယ်လို့ ယူဆရတဲ့ ဂျပန်နိုင်ငံသား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က မတ် ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအမျိုးသားတွေဟာ ပတ္တယားမှာရှိတဲ့ ဇိမ်ခံအိမ်တလုံးကို ငှားရမ်းဟာ ဂျပန်နိုင်ငံက ဂျပန်လူမျိုးတွေကို လိမ်ညာတာတွေ လုပ်နေတယ်ဆိုပြီး သံသယရှိလို့ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းကာ ရှာဖွေဝရမ်းထုတ်ပြန်ပြီး ဘန်လာမောင်းခရိုင်၊ Siam Royal View ရွာမှာရှိတဲ့ အိမ်တလုံးမှာ ဖမ်းဆီးခဲ့တာပါ။ ဒီရှာဖွေမှုမှာ ရဲတပ်ဖွဲ့ဝင်တွေက ဂျပန်အမျိုးသား ၁၅ ဦးကိုတွေ့ခဲ့ရပြီး စစ်ဆေးချက်တွေအရ သူတို့ထဲက တိုမို ကီ ချီမူရာလို့ခေါ်တဲ့ အမျိုးသားက အိမ်အငှားဝန်ဆောင်မှုတခုကနေ ဒီအိမ်ကို ၁ လ ဘတ် ၆၅၀၀ နဲ့ ငှားရမ်းထားတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ အင်တာနက်လိုင်းကနေတဆင့် ငွေကြေးလိမ်လည်မှုတွေ လုပ်နေတာလို့ ယူဆရပြီး နေအိမ်ထဲကနေ IP phone ၅၁ လုံး၊ notebook ၁၉ လုံးနဲ့ router ၃၇ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၂၂ နှစ်ကနေ ၅၅ နှစ်အတွင်းရှိသူများဖြစ်ပြီး သူတို့ကို ယာယီနေထိုင်ခွင့်ဗီဇာနဲ့ တရားမဝင်စီးပွားရေးလုပ်ကိုင်မှုနဲ့ အမှုဖွင့်ထားပါတယ်။ “အခု အဖမ်းခံရသူတွေဟာ ထိုင်းနိုင်ငံကို အခြေစိုက်နေရာအဖြစ် အသုံးချပြီး ဂျပန်နိုင်ငံမှာရှိတဲ့ လူတွေကို ငွေကြေးခြိမ်းခြောက်လိမ်လည်မှုတွေပြုလုပ်နေတဲ့ ဂိုဏ်းတခုက အဖွဲ့ဝင်တွေဖြစ်တယ်” လို့ ရှာဖွေဖမ်းဆီးမှုကို ဦးဆောင်ခဲ့တဲ့ ရဲအရာရှိတဦးက ပြောပါတယ်။ ဒီဂိုဏ်းဟာ သူတို့ကိုယ်သူတို့ ဂျပန်ုနိုင်ငံမှာရှိတဲ့ နာမည်ကျော် ချေးငွေကုမ္ပဏီတခုဆီက အကြွေးတောင်းသူတွေအဖြစ် အယောင်ဆောင်ကာ တရားရုံးစာရွက်တွေ၊ ငွေတောင်းခံလွှာအတုတွေ ပြုလုပ်ပြီး လိမ်လည်အကြွေးတောင်းသူတွေလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့ကြောင့် ဂျပန်လူမျိုး အယောက် ၅၀၀ ကျော် အလိမ်ခံခဲ့ရပြီး ငွေကြေး ယန်း ၈၉ သန်း (ဘတ် ၂၅ သန်း) လောက် ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up