Homeမြန်မာသတင်း
ဝေးလံဒေသ သွားရောက်ကုသပေးသည့် မောက်မယ်ဆေးရုံအုပ်ကြီး စွမ်းဆောင်ရည်ထူးချွန်ဆု ရရှိ
ဝေးလံဒေသ သွားရောက်ကုသပေးသည့် မောက်မယ်ဆေးရုံအုပ်ကြီး စွမ်းဆောင်ရည်ထူးချွန်ဆု ရရှိ
DVB
·
March 31, 2019
တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ဒေသနဲ့ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသမှာ သွားရောက်ဆေးကုသပေးတဲ့အတွက် မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု ကျန်းမာရေးဌာနက ကျန်းမာရေး စွမ်းစွမ်းတမံဆု ပေးအပ်ခဲ့ပါတယ်။
ဆေးရုံ အုပ်ကြီး ဒေါက်တာမြမြသန်းဟာ မောက်မယ်မြို့ကို ရောက်ရှိတာ ၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဒူးကြီးဒေသ စစ်ဘေးရှောင် စခန်းမှာလည်း သွားရောက်ကုသမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မောက်မယ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားတာတွေရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသအထိ သွားရောက်ကုသပေးတဲ့အတွက် ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ် တောင်ပိုင်း ကျန်းမာရေး စွမ်းဆောင်ရည်ထူးချွန်ဆု ပေးအပ်ခံရတာပါ။
မောက်မယ်ဒေသမှာ အများစု ရှမ်း၊ ပအိုဝ်း၊ အနည်းစု ကယန်း တိုင်းရင်းသားတွေ နေထိုင်ပြီး ကျေးရွာချင်းလမ်းမရှိတဲ့အတွက် သွားလာရေးခက်ခဲသလို ဘာသာစကားတွေလည်း ခက်ခဲနေပါတယ်။
မောက်မယ်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေဟာ ဆေးရုံထိလာရောက်ကုသဖို့ ခရီးစရိတ်နဲ့ သွားလာရေးခက်ခဲတဲ့အတွက် ဆေးရုံမလာဘဲ ဆရာဝန်ကိုယ်တိုင် သွားရောက်အခမဲ့ ကုသပေး ရတာဖြစ်ပါတယ်။
ပြည်သူ့ဆေးရုံအုပ်ကြီးဟာ ၂၀၁၈ ခုနှစ်က ပြည်ထောင်စုအဆင့် စွမ်းဆောင်ရည် ထူးချွန်ဆုပေးအပ်ခြင်းခံရသလို လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ပြည်နယ်အဆင့် တတိယဆုလည်း ရရှိပါတယ်။
မောက်မယ်မြို့နယ်မှာ ရေရှားပါးတဲ့အတွက် ဝမ်းပျက်ဝမ်းရှောရောဂါအဖြစ်များပြီး၊ သွေးချို ဆီးချိုနဲ့ ယာဉ်မတော်တဆမှုလည်း အဖြစ်များတယ်လို့သိရပါတယ်။
မောက်မယ်မြို့နယ်မှာ ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၈ ခု၊ ရွာပေါင်း ၁၀၃ ရွာရှိပြီး မြို့နယ် ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ မိခင်နဲ့ကလေး ကျန်းမာရေးဌာန ၁ ခု၊ ကျေးလက်ကျန်းမာရေး ၃ ခုနဲ့ ဌာနခွဲ ၁၂ ခုတို့နဲ့ ကျန်းမာရေးဝန်ထမ်း ၈၂ ဦးရှိတယ်လို့ ရပါတယ်။
ခွန်ရာဇာ