မြိတ်မြို့တွင် အနုပညာရှင်များပါဝင်သည့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ ပထမဆုံးကျင်းပ







1K
မြိတ်မြို့မှာ အဆိုတော်၊ သရုပ်ဆောင်တွေနဲ့ အနုပညာရှင်တွေပါဝင်တဲ့ Beach Soccer ပြိုင်ပွဲကို မတ်လ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေပါတယ်။
မြိတ်မြို့၊ အောက်ရေပုန်းရပ်ကွက်၊ သဲကွင်းမှာကျင်းပနေတဲ့ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ (Beach Soccer )ကို အနုပညာရှင်အသင်းတွေဖြစ်တဲ့ Actor Star FC အသင်း၊ Music & Actor FC အသင်း၊ Joker FC အသင်းနဲ့ ဒေသခံအသင်းဖြစ်တဲ့ Myeik FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
“အဓိက ရည်ရွယ်ချက်က အနုပညာရှင်တွေကို နယ်ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးရှိနေ စေချင်တယ်၊ အနုပညာရှင်အချင်းချင်းစည်းလုံးမှု ရှိစေချင်တာရယ်၊ သန္တာကျောက်တန်းတွေနဲ့ လှပတဲ့မြိတ်မြို့ကို ခရီးသွားတွေ ပိုမိုသိရှိစေဖို့ ရည်ရွယ်တာပါ။ ကျနော်တို့က ၂၀၁၃ ခုနှစ် ကတည်းက တနှစ်တကြိမ် ဒီလိုပွဲမျိုး ကျင်းပလာတာပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေမှာ ကျင်းပတယ်။ အခုမြိတ်မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တယ်။ နိုင်ငံရဲ့ အားကစားပုံရိပ်တက်စေဖို့ လူငယ်မျိုးဆက်သစ်တွေကြားမှာ သဲသောင်ပြင် အားကစားကို ပိုပြီးစိတ်ဝင်စားလာစေဖို့ပါ။ လူငယ်တွေထဲမှာ တဦးစ နှစ်ဦးစ ထွက်ပေါ်လာရင် ဒီလိုပွဲမျိုး စီစဉ်ရကျိုးနပ်ပါတယ်” လို့ ပွဲစီစဉ်ဆောင်ရွက်သူ သရုပ်ဆောင်မင်းထက်ကပြောပါတယ်။
သဲသောင်ပြင်ဘောလုံးပွဲကို မြိတ်မြို့ရှိ Sea view Condo မှ Main Sponsor အဖြစ်ဆောင်ရွက်ကူ ညီပေးခဲ့ပြီး သရုပ်ဆောင်အဆိုတော်တွေဖြစ်တဲ့ ဇော်ပိုင်၊ wanted (ဖော်ကာ)၊ စောဖိုးခွား၊ အကယ်ဒမီ သူထူးစံ၊ ဇာနည်၊ မိုးယံဇွန်၊ မင်းထက်၊ ဇေယျာအောင်၊ စူးရှ၊ နေတန်၊ မင်းခန့်ကျော်၊ ဇေရဲ၊ ကျော်ကျော်မျိုး (ဗိုလ်ချုပ်သရုပ်ဆောင်)၊ မိုးစက်၊ သစ်နေစ၊ ဇော်ဇော်အောင်၊ ဖိုးတာ၊ ဇင်မျိုး၊ နေလင်း၊ သီဟဖြိုး(BEAN)၊ ဝေဋု၊ ကျော်ဇင်ထွဋ်၊ ဘိုဘို၊ အောင်ဇော်မင်း၊ ကြည်လဲ့လဲ့ဦး၊ စိုးနန္ဒာကျော်၊ လိုင်ဖြူဖြူထွန်း၊ မေပန်းချီ၊ သဉ္ဇာမြင့်မိုရ်၊ စုပြည့်စိုးလွင် နှင့် X-Girlz တို့က ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ကြောင်း သိရပါတယ်။
မြတ်ထွဋ် (မြိတ်)