Home
မြန်မာသတင်း
မြန်မာ့လယ်ယာထွက်ကုန် ခွဲတမ်းတိုးပေးပြီး တရားဝင် လက်ခံပေးရန် တရုတ်နှင့် ဆွေးနွေး
ရွှေအောင်
·
October 17, 2012
မြန်မာပြည်က တရုတ်ပြည်ကို နယ်စပ်လမ်းကြောင်းက တရားဝင်တင်ပို့နေတဲ့ ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေ ခွဲတမ်းတိုးမြှင့်ပေးဖို့နဲ့  တရားဝင်လက်ခံပေးဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးထားပြီးဖြစ်တယ်လို့ သိရရပါတယ်။ ပြီးခဲ့တဲ့ နန်နင်းကုန်စည်ပြပွဲမှာ မြန်မာဘက်က ဒီကိစ္စ  တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး တရုတ်ဘက်က သဘောတူထားပေမယ့် အခုထိ တရားဝင်အကြောင်းပြန်ကြားတာ မရှိသေးလို့ စောင့်ဆိုင်းဆဲပဲလို့ စီးပွားကူးသန်းဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။ “ကျနော်တို့ရဲ့ တရားဝင်ဆွေးနွေးချက်ကို သူတို့လက်ခံတယ်။ အကြောင်းအရာ တခုအနေနဲ့ သူတို့ဘက်က လက်ခံပြီး ဆွေးနွေးတယ်။ ဒါကို သူတို့ဘက်က ပြန်လည်ညှိနှိုင်းပြီးမှ တရားဝင်လမ်းကြောင်းကနေတဆင့် အကြောင်းပြန်ပေးပါ့မယ်ဆိုပြီး သူတို့ဘက်က လက်ခံပေးလိုက်တဲ့သဘောပါ။” မြန်မာဘက်က တရားဝင်တင်ပို့တဲ့ ဆန်နဲ့ ပြောင်း အပါအ၀င် လယ်ယာထွက်ကုန်တွေကို တရုတ်ဘက်က သူတို့ လိုအပ်တဲ့ ပမာဏကိုပဲ ခွဲတမ်းနဲ့ တင်သွင်းခွင့်ပြုထားတာပါ။ ခွဲတမ်းနဲ့ တင်သွင်းခွင့်ပြုတာက တနှစ်နဲ့ တနှစ်မတူဘဲ တရုတ်ပြည်ဘက်က သီးနှံထွက်ရှိမှုအပေါ် မူတည်ပြီး အတိုးအလျှော့ လုပ်တာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာထွက်ကုန်တွေကို တရုတ်ကိုပဲ အဓိက တင်ပို့ရောင်းချနေရတာဖြစ်ပြီး အခုဆွေးနွေးထားတဲ့ ခွဲတမ်း တိုးမြှင့်ပေးဖို့နဲ့ တရားဝင် သတ်မှတ်ပေးဖို့ ဆိုတာတွေ ဖြစ်ထွန်းပေါ်ပေါက်လာရင်တော့ ရောင်းသူစိတ်ကြိုက် ဈေးကွက် ဖြစ်လာမှာပါလို့ ဦးတင်ရဲဝင်းက ပြောပါတယ်။ “နှစ်စဉ်တော့ မ၀ယ်မဖြစ်ဝယ်နေရတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်ရင် ပိုတိုးဝယ်ပါတယ်။ လိုအပ်ချက်များလာရင် ကျနော်တို့ ရောင်းဈေးမြင့်တာပါပဲ။ ပုံမှန်ဆိုရင် ယူနန်ပြည်နယ်တခုတည်းက ၀ယ်နေရာက ကျန်တဲ့ ပြည်နယ်တွေမှာ လိုအပ်ချက်ဖြစ်လာရင် ကျနော်တို့နယ်စပ်ကို တိုက်ရိုက်ဆင်းလာဝယ်ပါတယ်။ အဲကျရင် ရောင်းချသူရဲ့ ဈေးကွက်လာဖြစ်တာပေါ့။ ၀ယ်တဲ့သူတွေက အပြိုင်အဆိုင်ဝယ်တယ်။ ကျနော်တို့က ပစ္စည်းကို အရည်အသွေး ထိန်းပြီးတော့မှ ရောင်းလို့ရတယ်။ ရောင်းသူဈေးကွက်ဖြစ်သွားတဲ့အခါ ကျနော်တို့ ထုတ်လုပ်သူတွေရော၊ စိုက်ပျိုးသူတွေရော၊ ကျနော်တို့ နိုင်ငံက လုပ်ငန်းရှင်တွေရော ပိုပြီး အကျိုးအမြတ်များတဲ့ ပုံစံမျိုး ခံစားရမှာဖြစ်ပါတယ်။” လာမယ့် နိုဝင်ဘာလလောက်မှာ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းတွေ တရုတ်ကို တရားဝင် တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။ အခုလပိုင်းအတွင်း တရုတ်ဘက်ကို ဆန်တင်ပို့ရောင်းချတာ အဆင်ပြေတဲ့အတွက် မြန်မာ ကုန်သည်တွေက ဆန် အမြောက်အမြား တင်ပို့ခဲ့ကြပြီး၊ တရုတ်ဘက်အရောက်မှာ တရုတ်က တရားဝင်ခွင့်ပြုထားတာမရှိလို့ အဖမ်းအဆီးခံရတာတွေ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024