မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စခန်းတည်ဆောက်ရေး ပြီးစီးသလောက်ဖြစ်နေဟုဆို

1K
မြောက်ကိုရီးယားရဲ့ ဆိုဟေးဒုံးကျည် ပစ်လွှတ်စခန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပြီးစီးသလောက် ဖြစ်နေပြီလို့ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက မတ်လ ၂၉ ရက်မှာ ပြောပါတယ်။
အဲဒီ ဒုံးကျည်ပစ်လွှတ်စခန်းဟာ မြောက်ကိုရီးယား အနောက်မြောက်ပိုင်း ထုံးချန်းဂီမြို့မှာ တည်ရှိပါတယ်။
အမေရိကန်-မြောက်ကိုရီးယား ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ ကင်ဂျုံအွန်းက အဲဒီဒုံးကျည်စခန်းကို ဖျက်သိမ်းမယ်ဆိုပြီး ကတိပြုခဲ့တာပါ။
ဒါ့အပြင် ယောင်ဗြွန် နျူကလီးယား ဓာတ်ပေါင်းဖိုက ယူရေနီယမ် သန့်စင်လုပ်ငန်းဟာလည်း ပုံမှန်အတိုင်း လုပ်ငန်း လည်ပတ်နေတယ်လို့ ထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး တောင်ကိုရီးယား လွှတ်တော်အမတ်တွေက ပြောကြားပါတယ်။
အဲဒီ ဓာတ်ပေါင်းဖိုကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက လုပ်ငန်းရပ်ဆိုင်းခဲ့တာပါ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာတော့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေအပေါ် မြောက်ကိုရီးယားဘက်က အဆင်သင့်ဖြစ်တဲ့ အခြေအနေနဲ့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ဖြေလျှော့ပေးလိုတဲ့ ဆန္ဒအကြား မတူညီတာတွေကြောင့် ထိပ်သီးဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။