ဓာတ်ခဲအတွင်းမှ ကာဗွန်အမှုန့်နှင့် သရက်သီးတို့စားသဖြင့် ကလေးငယ် ၂ ဦး သေဆုံး
DVB
·
March 30, 2019
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှာ သရက်သီးအား ဓာတ်ခဲအတွင်းက ကာဗွန်အမှုနဲ့ တို့စားလို့ ကလေးငယ် ကျား ၂ ဦး သေဆုံးခဲ့တယ်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ပဲခူးမြို့နယ်၊ ကမာနက်ကျေးရွာနေ ဟိန်းကိုကို (၆)နှစ်၊ ဟိန်းမင်းထက် (၃) နှစ်နဲ့ ဟိန်းဇော်လတ် (၃) နှစ် (၆)လတို့ဟာ ကျေးရွာအတွင်းရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ခြံအတွင်း သွားရောက်ပြီး သရက်သီးတွေ ခူးစားခဲ့ကြတာလို့ ဆိုပါတယ်။
ဟိန်းမင်းထက်နဲ့ ဟိန်းကိုကိုတို့ ၂ ဦးဟာ သရက်သီးတွေကို ပါဝါတံဆိပ်ပါ ဓာတ်ခဲအတွင်းက ကာဗွန်အမှုန့်နဲ့ တို့စားခဲ့ပြီးနောက် နေအိမ် ပြန်ရောက်ချိန် ရင်ပူပြီး ရေချိုးတဲ့ ရေဇလုံအတွင်းက ရေတွေ ခပ်သောက်စဉ် မူးလဲကျသွားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဟိန်းမင်းထက်နှင့် ဟိန်းကိုကို တို့ ၂ ဦးကို ပဲခူးပြည်သူ့ ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် မရတော့ဘဲ သေဆုံးခဲ့လို့ ၁၆၄၀ ပဲခူးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။