ဖိလစ်ပိုင်သမ္မတအား ဝေဖန်သတင်းရေးသည့် သတင်းဌာနအကြီးအကဲ ခေတ္တဖမ်းဆီးခံရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဝေဖန်တဲ့ သတင်းတွေရေးလို့ လူသိများတဲ့  ရာပလာ သတင်းဝက်ဘ်ဆိုက်အကြီးအကဲ မရီယာရယ်ဆဲဟာ မတ်လ ၂၉ ရက်က မနီလာလေဆိပ်မှာ ပြန်လည်ဖမ်းဆီးခံရပြီးနောက် နာရီပိုင်းအကြာမှာ အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။ မရီယာ ရယ်ဆဲဟာ  မီဒီယာလုပ်ငန်းဆိုင်ရာ နိုင်ငံခြားသားပိုင်ဆိုင်မှု စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်ခံရတာပါ။ ဖိလစ်ပိုင်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မီဒီယာလုပ်ငန်းမှာ ပြည်ပနိုင်ငံသား ပိုင်ဆိုင်ခွင့် ပိတ်ပင်ထားပါတယ်။ မရီယာ ရယ်ဆဲဟာ (Rappler) ရာပလာ သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ရဲ့ Person of the Year အဖြစ် တိုင်းမဂ္ဂဇင်းမှာ ဖော်ပြခံရသူပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း သူ့ကို အွန်လိုင်းပေါ်ကနေ အသရေ ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တညတာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး  နောက်တနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မတ်လ ၂၉ ရက်က  မရီယာ ရယ်ဆဲဟာ အမေရိကန်ကနေ ပြန်ရောက်ရောက်ချင်း မနီလာလေဆိပ်မှာ  ဒုတိယအကြိမ် အဖမ်းခံခဲ့ရတာပါ။ ရာပလာသတင်းဌာနနဲ့ သူ့ရဲ့ ၀န်ထမ်းတွေဟာ လက်ရှိမှာ အမှု ၁၁ မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ၇ ကြိမ်မြောက် အာမခံရခဲ့တဲ့ မရီယာရယ်ဆဲက ပြောပါတယ်။ ရယ်ဆဲအပေါ် စွဲချက်တွေက မဟုတ်မမှန်တဲ့ စွဲချက်တွေဖြစ်ပြီး အထူးသဖြင့်  လူအသေအပျောက်များတဲ့ မူးယစ်ဂိုဏ်း ဖြိုခွင်းမှုမှာ သမ္မတဒူတာတေးရဲ့လုပ်ပိုင်ခွင့်အပေါ်  စိန်ခေါ်သူတွေကို ပစ်မှတ်ထား ခြိမ်းခြောက်တာဖြစ်တယ်လို့ မီဒီယာစောင့်ကြည့်ရေး အဖွဲ့တွေ က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up