အောင်ပန်းမြို့ရှိ သမိုင်းဝင် ဗိုလ်မှူးကြီးဗထူးကျောက်တိုင် ဖြိုချပြောင်းရွှေ့
DVB
·
March 29, 2019
ကလော-တောင်ကြီး လေးလမ်းသွားလမ်းဖောက်လုပ်ဖို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ရှိ သမိုင်းဝင် ဗိုလ်မှူးကြီး ဗထူးကျောက်စာတိုင်နဲ့ နာရီစင်ကို မတ်လ ၂၈ ရက်က ဖြိုချလိုက်ပြီး နေရာ ပြောင်းရွှေ့စိုက်ထူဖို့ လုပ်ဆောင်နေပါတယ်။
လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းခင်းရာမှာ လမ်းနဲ့ မလွတ်ကင်းတဲ့အတွက် ဒီလို ပြောင်းရွေ့ဖြိုချဖို့ ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်မိရပ်ဖ သဘောတူညီမှုအရ လူထုကို ဖိတ်ကြားပြီးပွင့်လင်းမြင်သာမှုရှိအောင် အများပြည်သူရှေ့မှောက် စက်ယန္တယားနဲ့ ဖြိုချခဲ့တာလို့ လမ်းဦးစီးဌာန မြို့ပြ တောင်ကြီး ခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးလင်းက ပြောပါတယ်။
“ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်၊ စည်းကမ်းကော်မီတီဝင်တွေ ပါဝင်ခဲ့ပါတယ်။ နောက်တခုက အောင်ပန်းဒေသခံတွေပေါ့နော်။ ဒေသခံတွေမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေ သွားရောက်ချည်းကပ်ပြီးတော့ မေးမြန်းမှုတွေလုပ်ခဲ့ပြီး ဒါလေးတွေကို စတင်ပြီးတော့ဆောင်ရွက်ဖို့ အစည်းအဝေးတွေကျင်းပခဲ့တာဖြစ်ပါတယ်။”
နောက်ဆုံးအစည်းအဝေးကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ပြီး အများသဘာတူဆန္ဒနဲ့ ပြည်သူတွေကို အသိပေး ဖိတ်စာဝေပြီးလုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ပုံစံတူ သမိုင်းဝင် ဗိုလ်မှူးကြီးဗထူးကျောက်စာတိုင်ကို အောင်ပန်းမြို့ရှိ ဗထူးပန်းခြံမှာ ပြောင်းရွေ့စိုက်ထူသွားဖို့ရှိတယ်လို့ ကလောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်ကပြောပါတယ်။
“စီမံကိန်း အတိုင်းလုပ်တာ စီမံကိန်း အောင်မြင်ဖို့ အထောက်အကူပြုကော်မတီဖွဲ့ထားတာ ဒီကော်မတီကနေလုပ်တာ တိတိကျကျလုပ်တယ်။ သမိုင်းဝင်တဲ့ဟာကို ပြီးစလွယ်မလုပ်ဘူး စနစ်တကျနဲ့လုပ်တာ”လို့ ပြောပါတယ်။
ကျောက်တိုင်အတွင်းမှာ အရိုးပြာအိုးရှိမယ်လို့ထင်ပြီး ဖြေးဖြေးချင်း ဖြိုချခဲ့ပေမယ့် အရိုးပြာအိုး မတွေ့ရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ကလော-တောင်ကြီး လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းကို ဧပြီလမှာဖွင့်လှစ်နိုင်ဖို့ ကျန်ရှိနေတဲ့အပိုင်းကို လုပ်ဆောင်နေတာဖြစ်ပြီး ဒီလမ်းပိုင်းကို တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်တာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးဗထူးဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတာဝန်တွေကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တာဖြစ်ပြီး သူကျဆုံးသွားခဲ့တဲ့ ဒေသမှာ ဗိုလ်မှူးကြီးဗထူးနှင့် အာဇာနည် ရဲဘော်များအထိမ်းအမှတ် ကျောက်တိုင်ကို ဂုဏ်ပြု စိုက်ထူထားတာဖြစ်ပါတယ်။
သတင်း- ခွန်ရာဇာ