Home
မြန်မာသတင်း
နိုင်ငံခြားသား ရဟန်းတပါး ကျေးရွာ ၃ ရွာကို ဆန်၊ ဆီများ လှူဒါန်း
DVB
·
March 29, 2019
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာသုံးရွာက အိမ်ထောင်စု ၃၀၀ လောက်ကို နိုင်ငံခြားသား ရဟန်းတပါးက ဆန်၊ ဆီတွေ မနေ့က ပေးဝေခဲ့ပါတယ်။ ဆရာတော်ဟာ ဗီယက်နမ်နိုင်ငံဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး ဖလော်ရီဒါမှ ကမ္ဘာလှည့် သာသနာပြုနေတဲ့ ဆရာတော် ဂုရု ရူးမား ဖြစ်တယ်လို့ ဆရာတော်ကြွချီတဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဆောင်ရွက်ပေးနေတဲ့ ကိုကျော်စွာဝင်းက ပြောပါတယ်။ “ဆရာတော်က မြန်မာပြည်ကို ကြွတာ အခုအကြိမ်ကောဆို ၆ ကြိမ်ရှိပြီ။ ဒီနေ့မှာ ရွှေစည်တိုင်ကျေးရွာ၊ ဖြူထွားကျေးရွာနဲ့ ဆင်လူးအိုင်ကျေးရွာတွေက အိမ်ထောင်စု ၂၇၈ စုကို တစု ဆန် ၆ ပြည်၊ ဆီ ၁ ပိသာနဲ့ ပဲငံပြာရည် ၁ ဘူးစီ ပေးဝေခဲ့ပြီးတော့ ရွှေစည်တိုင်ကျေးရွာမှာ ဆရာတော် သိန်းပေါင်း ၃၅၀ ကျော် အကုန်ကျခံ ဆောက်လုပ်ထားတဲ့ ဓမ္မာရုံရိပ်သာကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်” လို့ ပြောပါတယ်။ အဲဒီကျေးရွာအတွက် စက်ရေတွင်းကိုလည်း ဆရာတော်က လှူထားပြီး ကျေးရွာမီးလင်းရေးအတွက် သိန်း ၁၅၀ လောက် လှူထားတယ်လို့ သိရပါတယ်။ ဆရာတော်က “ဒီကမ္ဘာကြီးထဲမှာ ထောက်ပံ့လှူဒါန်းဖို့အတွက် မေတ္တာနဲ့ ကရုဏာတရားတွေ ယူဆောင်ပေးနိုင်တဲ့ လှူဒါန်းပေးသူတွေ များသည်ထက် များလာဖို့ မျှော်လင့်တယ်။ ဆန်တွေ၊ ဆီတွေ ပေးဝေတာ နှစ်သစ်ကူး လက်ဆောင်ဖြစ်တယ်” လို့ မိန့်တော်မူပါတယ်။ ဆရာတော် ဂုရု ရူးမားနဲ့ တပည့် ဒါယကာ ဒါယိကာမ အဖွဲ့တို့က မတ် ၂၉ ရက်နေ့မှာ ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု ကုန်းတန်းကြီးကျေးရွာနဲ့ ဇီးအိုရွာမှာ စာသင်ကျောင်းနဲ့ စက်ရေတွင်း လှူသွားမှာပါ။ မတ် ၃၀ ရက်နေ့မှာတော့ ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စု ကျွန်းသီရိကျေးရွာနဲ့ ဇီးကုန်းရွာတို့မှာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ဖို့နဲ့ စာသင်ကျောင်းပြုပြင်ဖို့ သွားရောက်လှူဒါန်းကြမယ်လို့ ကိုကျော်စွာဝင်းက ပြောပါတယ်။ ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024