ထိုင်းရွေးကောက်ပွဲတွင် စစ်တပ်လိုလားသည့် ဖလန်းပရချားရတ်ပါတီ မဲအများဆုံးရ

ဓာတ်ပုံ - Reuters
ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ကိုလိုလားတဲ့ ဖလန်းပရချားရတ်ပါတီက မဲစုစုပေါင်း ၈.၄ သန်းနဲ့ မဲအများဆုံး ရသွားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။ အဓိကအတိုက်အခံ ဖွေထိုင်းပါတီကတော့ မဲစုစုပေါင်း ၇.၉ သန်း ရထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဒုအတွင်းရေးမှူးချုပ် ခရစ်အာဝုန်ဆေက ပြောပါတယ်။ ဒီမဲတွေဟာ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ပထမဆုံး ရွေးကောက်ပွဲအတွင်း ရာနှုန်းပြည့် မဲတွေကို ရေတွက်အပြီး ရတဲ့မဲရလဒ်ကို ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲစနစ်အရ ပါတီဝေပုံကျရမယ့် မဲရလဒ်ကို မကြေညာရသေးပါဘူး။ ဒါကြောင့် မေလ ၉ ရက်မှာ ကြေညာမယ့် နောက်ဆုံး ရလဒ်တွေကိုသာ တရားဝင် မဲရလဒ်အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးတဖြစ်လဲ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်တဲ့ အစိုးရဟာ အတိုက်အခံ အမတ်လောင်းတွေကို ဘက်ပြောင်းအောင် ကြိုးစားမယ့် အလားအလာ ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စနစ်အရ အထက်လွှတ်တော်အမတ် အယောက် ၂၅၀ နဲ့ အောက်လွှတ်တော် အမတ် ၅၀၀၊ လွှတ်တော်နှစ်ရပ်ပေါင်းက အမတ် ၇၅၀ က ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ဖွဲ့စည်းရမှာပါ။ အထက်လွှတ်တော်အမတ် အယောက် ၂၅၀ ကို အာဏာသိမ်း စစ်အစိုးရက ရွေးချယ်တင်မြှောက်ရမှာဖြစ်လို့ လွှတ်တော်နှစ်ရပ်ပေါင်းမှာ အမတ်ပေါင်း ၃၇၆ ဦးက မဲပေးမှ ဝန်ကြီးချုပ်အဖြစ် အရွေးခံရမှာပါ။ အရွေးခံရတဲ့ ဝန်ကြီးချုပ်ကသာ အစိုးရအဖွဲ့ကို ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်အစိုးရလိုလားတဲ့ ဖလန်းပရချားရတ်ပါတီက အမတ်နေရာ ၁၁၈ နေရာ ရထားပြီး အထက်လွှတ်တော်အမတ် အယောက် ၂၅၀ နဲ့ ပေါင်းခဲ့ရင် အမတ်နေရာ ၃၆၈ နေရာ ရမှာဖြစ်လို့ ဝန်ကြီးချုပ်ကို တင်မြှောက်နိုင်ဖို့ အမတ်နေရာ ၇ နေရာ လိုနေပါတယ်။ စစ်အစိုးရကို လိုလားသူတွေက ဝန်ကြီးချုပ်ကို တင်မြှောက်နိုင်ခဲ့ရင်တောင် အောက်လွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ အမတ်ဦးရေ ၂၅၀ ကျော်ရဖို့ လိုနေပါတယ်။ ဖလန်းပရချားရတ်ပါတီက တခြားပါတီတွေကို မစုစည်းနိုင်သေးပါဘူး။ မစုစည်းနိုင်ခဲ့ရင် ဒီပါတီဟာ အစိုးရဖွဲ့နိုင်ခဲ့ရင်တောင် ဘယ်ဥပဒေကိုမဆို အတည်ပြုဖို့ အောက်လွှတ်တော်ကို ဖြတ်သန်းနိုင်ရေး ရုန်းကန်ကြိုးစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up