မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ဆင်းရဲသားပပျောက်ရေး ချေးငွေ မရသေး
နန်းမြနဒီ
·
October 17, 2012
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆင်းရဲသားပပျောက်ရေး အတွက် ငွေထုတ်ချေးမယ်ဆိုပြီး စည်ပင်က အခွန်ငွေတွေ ကောက်ခံထားရာမှာ ဒီနေ့ထိ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဆင်းရဲသား ပပျောက်ရေး လုပ်ငန်းစဉ်မှာ အသေးစားလုပ်ငန်းရှင်တွေ အတွက် ငွေတွေ အတိုးနှုန်း ၁ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမယ် ဆိုပြီး မြို့နယ် စည်ပင်မှာ လျှောက်လွှာ တင်ထားတာ အခုချိန်ထိ မကျသေးတဲ့ အကြောင်း ဒေသခံ တဦးက ပြောပါတယ်။
“၂၀၁၁ ခုနှစ် ၈ လပိုင်းကလည်း ဆင်းရဲသားလျှော့ချရေးအစီအစဉ်နဲ့ လုပ်ငန်းရှင်တွေ ကို ငွေချေးပေးမယ်ဆိုပြီး ချေးငွေလျှောက်ထားနိုင်ကြောင်း လျှောက်လွှာခေါ်တယ်။ လျှောက်လွှာသွင်းရတယ်၊ အဲအတွက် ကုန်ကျငွေက တယောက်ကို ၂ သိန်းခွဲကနေ ၄ သိန်းခွဲ ၀န်းကျင် ကုန်တယ်။ ကျမတို့ ၈၄ ယောက်ရှိတယ်။ အခုအချိန်ထိ အဆင်မပြေဘူး၊ အကောင်အထည်မပေါ်ဘူး။ ဒီပိုက်ဆံတွေက ဘယ်ရောက်သွားသလဲပေါ့။”
ချိုသာတဲ့ အတိုးနှုန်းနဲ့ ငွေချေးခွင့်ရဖို့ လျှောက်လွှာတင်ရာမှာ အသေးစားလုပ်ငန်းရှင်တွေဟာ စာရွက်စာတမ်းကြေး၊ အခွန်ခ၊ ပိုင်ဆိုင်မှုရာဖြတ်ခ၊ တရားရုံးကျမ်းကျိန်ချက်၊ လုပ်ငန်းလိုင်စင် စသဖြင့် တဦးကို အနည်းဆုံး ၂ သိန်းကနေ ၄ သိန်းထိ ပေးသွင်းထားရပါတယ်။
တနှစ်ကျော်လာတဲ့အထိ ချေးငွေမရရှိသေးတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေကြတာ လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂန့်ဂေါ မြို့နယ် စည်ပင်သာယာရေးရုံးကို ဒီဗွီဘီက မေးမြန်းရာမှာ စည်ပင်လျှောက်လွှာခ ကုန်ကျစရာမလိုကြောင်း၊ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းခွန်၊ မြေခွန်၊ ရာဖြတ်ခ စတာတွေတော့ ကုန်ကျရမှာဖြစ်ကြောင်း၊ ချေးငွေရရေးကိစ္စ စည်ပင်ဝန်ကြီးဌာနထိ တင်ပြပေးပြီးဖြစ်ကြောင်း၊ ဒီကြားထဲ ဌာနဆိုင်ရာ အပြောင်းအလဲကြောင့် အခက်အခဲရှိနေကြောင်း တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။
“သက်ဆိုင်ရာကို အဲဒါနဲ့ ပတ်သက်လို့ တင်ပြထားတယ်။ ၁၂၊ ၁၃ ရက်လောက်မှာ ချေးပေးဖို့ ရှိတယ်ပြောတယ်။ လပိုင်းတော့မသိရဘူး။ ၀န်ကြီးဌာနတွေဆီ တိုင်စာပို့ပြီးပါပြီ၊ တင်ပေးရုံပဲ ကျနော်တို့ တတ်နိုင်တာပေါ့နော်။ လက်ရှိမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘဏ်ဆိုပြီး အပြောင်းအလဲဖြစ်သွားတယ်။ အဲတော့ ဒီလိုအခက်အခဲတွေရှိတာပေါ့နော်။ ဒါတွေက မေးမြန်းတဲ့အခါ အရေးကြီးတယ်ဆိုရင်တော့ မြန်မာ့စီးပွားရေးဘဏ်မှာပဲ ချေးငှားဖို့ဆိုပြီး တရားဝင် ကျနော်တို့ဆီကို သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်ကြားထားတာရှိပါတယ်။”
ဂန့်ဂေါမြို့နယ် ဆင်းရဲသားပပျောက်ရေး စီမံကိန်းမှာ ပျံကျဈေးသည်တွေအတွက်တော့ မနှစ် နိုဝင်ဘာလကစပြီး တလကို အတိုး ၂ ရာခိုင်နှုန်းနဲ့ လူပေါင်း ၁၃၁ ဦးကို ချေးငွေ အနည်းဆုံး ကျပ် ၃ သောင်းကနေ ၁ သိန်းထိ ထုတ်ချေးခဲ့ပြီးဖြစ်ပါတယ်
ပျံကျဈေးသည်ဟာ အသေးစားလုပ်ငန်းရှင်တွေလို လျှောက်လွှာတင်ဖို့ လုပ်ငန်းခွန်၊ ရာဖြတ်ကြေး၊ စတာတွေ ပေးဆောင်စရာမလိုကြောင်း၊ သူတို့ဆီက အတိုးငွေ တ၀က် စည်ပင်ဘဏ်ကိုသွင်းပြီး ကျန်တ၀က်ကို ပျံကျဈေးသည် သားသမီးအတွက် ကျောင်းဝတ်စုံနဲ့ စာအုပ်တွေ ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ မြို့နယ်စည်ပင် တာဝန်ရှိသူက ပြောပါတယ်။